သဘာဝဆိုးဆေးသုံး အင်ဒိုနီးရှားပါတိတ်အထည်များ ဝယ်လိုအားတိုး

သဘာဝဆိုးဆေးတွေ သုံးထားတဲ့ အဝတ်အထည်တွေ ဝယ်လိုအား တိုးလာနေလို့ အင်ဒိုနီးရှားနိုင်ငံက ပါတိတ်အထည် ထုတ်လုပ်သူတွေဟာ ဒီရေတောတွေထဲက ကြွေကျနေတဲ့ အသီးတွေကို ရှာဖွေစုဆောင်းနေကြပါတယ်။
ပါတိတ်အထည် ထုတ်လုပ်သူ ဆိုဒီကင်က “ဒီရေတောထဲက ရတဲ့ပစ္စည်းတွေနဲ့ ဆေးဆိုးတဲ့အတွက် ကုန်ကျစရိတ် လျှော့ချနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာမှာ အကူအညီရတယ်။ ဒီရေတောတွေကို ထိန်းသိမ်းစောင့်ရှောက်ပြီးသား ဖြစ်တယ်။ သစ်ပင်တွေကို ခုတ်မပစ်ဘဲ ကြွေကျလာတဲ့ အသီးတွေ အရွက်တွေကိုသာ သုံးတယ်” လို့ ပြောပါတယ်။
ပါတိတ်ဟာ အင်ဒိုနီးရှား အထည်အလိပ်တွေနဲ့ အထည်အချောထည်တွေပေါ်က အပွင့်အခက်တွေကို ရေးဆွဲရာမှာသုံးတဲ့ ရိုးရာဆိုးဆေး နည်းပညာပါ။
ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံအတွက် ဒီရေတောတွေဟာ သဘာဝ ပတ်ဝန်းကျင်အတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။
ငါးတွေ၊ ဂဏန်းတွေအတွက် အရေးကြီးတဲ့ အစာကွင်းဆက် ဂေဟစနစ်ဖြစ်ရုံမက ဆူနာမီ ရေလှိုင်းတွေကနေလည်း ကမ်းခြေတွေကို ကာကွယ်ပေးနေပါတယ်။
မိုးသစ်တောတွေနဲ့ စိမ့်မြေတွေထက်စာရင် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ကိုလည်း ပိုပြီး ထိထိရောက်ရောက် စုပ်ယူနိုင်ပါတယ်။
ဓာတုဗေဒ ဆိုးဆေးတွေထက်စာရင် အရောင်ပိုမှိန်ပေမယ့် သဘာဝဆိုးဆေးတွေဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ ပိုသင့်တော်ပြီး အရည်အသွေးနဲ့ တာရှည်ခံမှုကြောင့် စျေးကွက်တန်ဖိုး ပိုမြင့်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဂျန်ဒေရယ်ဆိုးဒီယာမန်တက္ကသိုလ်က ဒီရေတောဆိုင်ရာ ဂေဟဗေဒ ပညာရှင် အာဝင်အာဒလီက ပြောပါတယ်။
လူလတ်တန်းစားတွေနဲ့ အထက်တန်းလွှာက လူတွေဟာ ဓာတုဆိုးဆေးတွေထက်စာရင် သဘာဝ ဆိုးဆေးတွေကို သုံးထားတဲ့ အဝတ်တွေကို ဝတ်ရတာ ပိုဂုဏ်ယူကြတယ်လို့လည်း သူက ပြောပါတယ်။
သဘာဝဆိုးဆေး သုံးထားတဲ့ အထည်တွေဟာ ဓာတုဆိုးဆေးသုံး အထည်တွေထက် ၂၊ ဆ ၃ ဆ ပိုရတယ်လို့ ပါတိတ်ပြခန်းပိုင်ရှင် ဘူဒီယာတီက ပြောပါတယ်။