အောင်ပွဲခံတော့မည့် နိုင်ငံတော်၏ အတိဇာတ သားသမီးများ

ပြီးခဲ့တဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူက မခန့်အပ်တဲ့ ကာချုပ်မင်းအောင်လှိုင်နဲ့ စစ်အခွင့်ထူးခံတသိုက် နိုင်ငံတော်အာဏာကို ပြည်သူက ခန့်ထားတဲ့ တရားဝင်အစိုးရထံကနေ လက်နက်အားကိုးနဲ့ အကြမ်းဖက်လုယူခဲ့ကြရာမှာ မြန်မာနိုင်တဝန်းလုံးက လူထုလူတန်းစား ပေါင်းစုံက လက်မခံဘဲ ပထမအဆင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ဆန့်ကျင်ခဲ့ကြတာ ကမ္ဘာသိ ဖြစ်ပါတယ်။
လက်နက်မပါတဲ့ ပြည်သူလူထုကို ဖက်ဆစ် စစ်မိစ္ဆာတပ်က ရက်ရက်စက်စက် ခေါင်းကို ချိန်ရွယ် ပစ်ခတ်သတ်ဖြတ်တာတွေ၊ မနက် အိမ်မှာ လာဖမ်း၊ ရိုက်နှက်ညှဉ်းပန်းသတ်ဖြတ်လို့ ညနေ အလောင်းလာယူခိုင်းတဲ့ အစွမ်းကုန် ယုတ်မာလာတဲ့အခါမှာတော့ မိဘပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်နဲ့ ဘဝတွေကို ကာကွယ်ပေးဖို့ လူငယ်လူရွယ်တွေနဲ့ သိတတ်နားလည်တဲ့ ပြည်သူတွေဟာ ရရာလက်နက်ကို စွဲကိုင်လာရတဲ့အဆင့်ကို ရောက်ခဲ့ကြပြီး PDF ပြည်သူ့ကာကွယ်ရေးတပ်တွေ မြို့တိုင်းလိုလို ပေါ်ထွန်းလာခဲ့ရတာ ဖြစ်ပါတယ်။
မြန်မာတနိုင်ငံလုံးမှာ မြို့ပေါင်း ၄၈၉ မြို့၊ ကျေးရွာပေါင်း ၆၃၂၂၇ ရွာ ရှိပါတယ်။ အဲဒီ မြို့ပြ ကျေးလက် မြေပြန့် တောင်ပေါ်ဒေသတွေမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူလူထုရဲ့ အဓိကအင်အားစုကြီးတွေကို လေ့လာကြည့်လိုက်ရင် မား ၆ မားနဲ့ သား ၄ သားတို့ကို တွေ့ရမှာ ဖြစ်ပါတယ်။
၁) တောင်သူလယ်သမား
၂) အလုပ်သမား
၃) စီးပွားရေးသမား
၄) အသိပညာ အတတ်ပညာသမား
၅) အနုပညာသမား
၆) ဝန်ထမ်းသမား
၇) တိုင်းရင်းသား၊
၈) ကျောင်းသား
၉) ဘုရားသား
၁၀) စစ်သား ရဲသား စတာတွေ ရှိပါတယ်။
အမှတ်စဉ် (၁) ကနေ အမှတ် (၉) ထိ လူထုလူတန်းစားပေါင်းစုံဟာ နိုင်ငံတော်ကို စစ်ဖိနပ်အောက်က အပြီးတိုင်လွတ်မြောက်အောင် အပြင်းထန်ဆုံး ခုခံဆန့်ကျင်လာခဲ့ကြရင်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးဟာ အမိနိုင်ငံတော်ရဲ့ ရည်မှန်းချက်ပန်းတိုင် ဖြစ်လာခဲ့ရပါပြီ။
ဒီကနေ့ မြန်မာပြည်တဝန်းလုံးက ကျေးလက်တောရွာ အများအပြားက ရွာသူရွာသား တောင်သူလယ်သမားတွေဟာ စစ်အာဏာရှင်စနစ်ကို လက်နက်မပါဘဲ ရဲရင့်စွာ ၉ လကျော် ၁၀ လတွင်းတိုင်အောင် မပျက်မကွက် လမ်းပေါ်တက် ဆန့်ကျင်ဆန္ဒပြ ထုတ်ဖော်နေကြတဲ့ သတင်းတွေ နေ့စဥ် ဖတ်နေကြရပါတယ်။
ထို့အတူပဲ။ မြို့ပြပေါ်က သိတတ်နားလည်ကြတဲ့ နိုင်ငံသားတွေ၊ ကျောင်းသားတွေ၊ လက်လုပ်လက်စားတွေ၊ ဈေးသည်တွေ အရောင်းအဝယ်သမားတွေ၊ အလုပ်သမားတွေ၊ ဝန်ထမ်းပေါင်းစုံတွေကလည်း CDM လုပ်နိုင်သူကလုပ်၊ လမ်းပေါ်တက် ဆန္ဒပြ (General Strike) ပြနိုင်သူကပြ၊ တနိုင်တပိုင် တော်လှန်နေကြတာ အားလုံးအသိ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေဟာ စစ်မိစ္ဆာအာဏာရှင်စနစ်ကို ထောက်ပံ့နေတဲ့ ကျည်ဆန်ဖိုး သွေးစွန်းငွေ အားလုံး ဖြတ်တောက်ကြဖို့ စစ်တပ်ပိုင်ကုမ္ပဏီတွေ၊ စစ်တပ်ထုတ်ကုန်တွေကို အားမပေးကြဖို့ ကမ်ပိန်းတွေ ပြုလုပ်လာကြပါတယ်။ စစ်တပ်ပိုင် အရက်၊ ဘီယာ၊ စီးကရက်ကနေ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ စတဲ့ပစ္စည်းမျိုးစုံကို မသုံးစွဲဘဲ သပိတ်မှောက်လာကြပါတယ်။
အဲဒါတွေအပြင် လူသိအများဆုံး အထူးခြားဆုံးကတော့ အမှတ်စဉ် ၁ ကနေ ၁၀ ထိအောင် လူတိုင်းစားအလွှာပေါင်းစုံ ပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပေါ်ထွန်းလာခြင်းပါပဲ။ ဖက်ဆစ်စစ်မိစ္ဆာတပ်ရဲ့ ကမ်းကုန်အောင် ရက်စက်ယုတ်မာစွာ လက်နက်မဲ့ ဆန္ဒထုတ်ဖော်သူတွေကို ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သမိုင်းလိုအပ်ချက်အရ ပေါ်ထွန်းလာခဲ့ရခြင်း ဖြစ်ပါတယ်။
အာဏာရှင်ခါးပိုက်ဆောင်တပ်ရဲ့ ရက်စက်မှု ပြင်းထန်လာလေလေ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်အင်အား တိုးပွားကြီးထွားလာလေလေ ဖြစ်လာပါတယ်။ မြို့တမြို့ကို မီးရှို့ပြီးတာနဲ့ PDF တပ်သားသစ်တွေ တိုးလာသလို ရွာတရွာကို ဝင်စီးပြီးတိုင်း ပြည်သူ့ကာကွယ်ရေးတပ် (PDF) ဖွဲ့သစ်တွေ ပေါ်လာတာမို့ ကမ္ဘာပေါ်မှာ အင်အားအလျင်မြန်ဆုံး ကြီးထွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ကြီး ဖြစ်လာခဲ့ရပါပြီ။
စစ်အာဏာရှင်ဘက်ကို ပြန်ကြည့်လိုက်ရင်တော့ အမှတ်စဥ် ၁၀ ဖြစ်တဲ့ စစ်သား ရဲသားတွေဟာ သူတို့ရဲ့ လည်စလုတ်အထက်ကနေ ခြေမနဲ့ ကလော်ထုတ်ရင် ပြည်သူ့ရိက္ခာ အတောင့်လိုက် ထွက်လာမယ့် တပ်မတော် အမည်ခံထားတဲ့ စစ်အာဏာရှင် သစ္စာခံ လက်နက်ကိုင်စစ်တပ်ဟာ သားရေပေါ်အိပ်ပြီး သားရေအနားစားဆိုသလို ပြည်သူ့ဘဏ္ဍာကို မသဒ္ဓါရေစာမျိုဆို့ပြီး ပြည်သူလူထုကို ပြည်သူပိုင်ငွေနဲ့ ဝယ်ထားတဲ့လက်နက်တွေနဲ့ တိုက်ခိုက်သတ်ဖြတ်ပြီး ခွေးဇာတ်ခင်းခဲ့ကြတာဟာ သီလပျက် တဏှာရူး နေဝင်းတို့ စိုင်ကော်လို့ ချုံပေါ်ကျခဲ့ရတဲ့ ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့ သမ္မတရူး မအလတို့ခေတ်အထိတိုင်ပဲ မဟုတ်လား။
ဒါကြောင့် မှန်ကန်တဲ့ စိတ်ဓာတ်ခံယူချက်မရှိဘဲ အခွင့်ထူးခံလိုစိတ်၊ ဖြတ်လမ်းနည်းနဲ့ ချမ်းသာလိုစိတ်၊ ရာထူးအာဏာ မက်မောစိတ်တွေသာရှိတဲ့ လူစုတ်လူယုတ်တွေ၊ စစ်ဂျပိုး လူ့ဂျပိုးတွေသာ များနေတဲ့ စစ်တပ်ဆိုတာ ပြည်သူရဲ့ဘုံရန်သူဖြစ်လာပြီး တနေ့တခြား စိတ်ဓာတ် ချောက်ချား ယိမ်းယိုင်ပျက်ပြားလာနေကြပါတယ်။
ဒီနေရာမှာ ကြားဖြတ်ပြီး ဘုရားဟောတရားထဲမှာ ပါတဲ့ သားသမီး ၃ မျိုးအနက်က အတိဇာတ သားသမီးနဲ့ အဝဇာတသားသမီး ၂ မျိုး အကြောင်း ပြောချင်ပါတယ်။ အကြွေးလာဆပ်တဲ့ သားသမီးနဲ့ အကြွေးလာတောင်းတဲ့ သားသမီးဆိုတဲ့ သားသမီးနှစ်မျိုးပါ။
အတိဇာတသား ဆိုတာက မိဘထက်ကို ကိုယ်ကျင့်သိက္ခာက အစသာလွန်သွားတာ၊ ဥပမာ ဘုန်းကြီး ရဟန်းအဖြစ်နဲ့ မိဘကို လုပ်ကျွေးပြုစုတဲ့သားမျိုး၊ သားကောင်းသားမြတ်ရတနာမျိုးပေါ့။ ဥပမာပေးရရင် အခုလက်ရှိ မြန်မာ့နိုင်ငံရေး မျက်မှောက်ကာလမှာ မိဘပြည်သူတွေကို လက်နက်နဲ့ အကြမ်းဖက်နှိပ်စက် သတ်ဖြတ်တဲ့ စစ်အာဏာရှင်တွေကို ဆန့်ကျင်ပြီး ရတဲ့နည်းနဲ့ တွန်းလှန်နေကြတဲ့ CDM တွေ၊ လမ်းပေါ်တက်ပြီး အထွေထွေသပိတ်နဲ့ ဆန္ဒပြပွဲ ဆင်နွှဲနေကြသူတွေ၊ ရရာလက်နက်ကိုင်စွဲပြီး မိဘပြည်သူတွေကို ကာကွယ်ပေးနေကြတဲ့ PDF တွေဟာ အကြွေးလာဆပ်တဲ့ သားသမီး၊ အတိဇာသားသမီးကောင်းရတနာတွေ ဖြစ်ပါတယ်။
အဝဇာတသားသမီး ဆိုတာကတော့ မိဘထက် ကိုယ်ကျင့်သီလယုတ်ညံ့ပြီး မိဘကို စိတ်ဆင်းရဲအောင် လုပ်မယ်၊ ဂျီတိုက်မယ်၊ မသေခင် အမွေတောင်းမယ်၊ စိတ်ဆင်းရဲအောင် လုပ်မယ်၊ အရှက်ပေးမယ်၊ အန္တရာယ်ပေးမယ့် သားသမီးမျိုးပေါ့။ ဥပမာပေးရင် ပြည်သူ့ရိက္ခာစားပြီး စစ်အာဏာရှင်တွေထံ သစ္စာခံလို့ ပြည်သူကို ပြန်လည်သတ်ဖြတ် လုယက် ဓားပြတိုက်၊ မီးရှို့နေကြတဲ့ စစ်သား ရဲသား၊ Non-CDM တွေ၊ အစွန်းရောက် မဘသတွေ၊ ဒလန်တွေဟာ အကြွေးလာတောင်းတဲ့ အဝဇာတသားသမီးဆိုးတွေ ဖြစ်ကြပါတယ်။
နိဂုံးချုပ်အနေနဲ့ ဒီကနေ့ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ အခင်းအကျင်းကို သုံးသပ်ရရင် အများပြည်သူက လက်မခံတာတော့လို့ ခေတ်ကုန်သွားတဲ့ စစ်အာဏာရှင်စနစ်ဟောင်းဟာ အလွန်လျင်မြန်စွာ ပြိုဆင်းလာနေချိန် ဖြစ်ပါတယ်။
မြန်မာ့သမိုင်းမှာ ပထမဆုံးအကြိမ် မိဘပြည်သူနဲ့ ပြန်စစ်ခင်းနေရတဲ့ ဖက်ဆစ်မိစ္ဆာတပ်က စစ်သား၊ ရဲသားတွေဟာ တပ်ခြံစည်းရိုးအပြင်၊ ရံစခန်းအပြင် ရောက်တာနဲ့ မလုံခြုံတော့ဘဲ စစ်မြေပြင် ရောက်ရတဲ့ ဘဝမျိုးအဆင့် ရောက်နေရပါပြီ။
ယုံကြည်ချက်နဲ့ နိုင်ငံရေးခံယူချက် မှန်ကန်ပြီး မိဘပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် အကြွေးလာဆပ်တဲ့ အတိဇာသားသမီးတွေ ဖြစ်ကြတဲ့ CDM ၊ GS ၊ PDF ၊ EAOs တွေဟာ ပြည်သူကို အခြေခံ၊ ပြည်သူက လက်ခံ၊ ပြည်သူကို ဗဟိုပြု၊ ပြည်သူက ထောက်ပံ့၊ ပြည်သူရဲ့ ချစ်မြတ်နိုးအားကိုတာ ခံရတဲ့ လာခြင်းကောင်းသော သားကောင်းရတနာ သမီးကောင်းရတနာတွေ ဖြစ်ကြတာမို့ တနေ့တခြား အင်အားကြီးထွားလာပြီး အဆုံးသတ်တိုက်ပွဲတွေ ဆင်နွှဲရင်း မကြာခင် အောင်ပွဲခံကြတော့မှာဖြစ်ပါကြောင်း ယုံကြည်နေမိပါတယ်။
မင်းကောင်းချစ်