close

ဆိပ်ဖြူမြို့နယ်က မိုင်တဲလ်တာဝါတိုင်ကို မိုင်းခွဲဖျက်ဆီး၊ ရေစကြို ပျူစောထီးခေါင်းဆောင်တစ်ဦး အသတ်ခံရ

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကမ်းဖြူရွာမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ညက အကြမ်းဖက်စစ်ကောင်စီရဲ့ အဓိက စီးပွားရေး ထောက်တိုင်ဖြစ်တဲ့ မိုင်တဲလ်တာဝါတိုင်တစ်တိုင်ကို ပြည်သူ့ကာကွယ်ရေး ညီနောင်မဟာမိတ် ၃ ဖွဲ့က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မိုင်တဲလ် တာဝါတိုင်ကို မကွေး CAF-MGPDF၊ပေါက် PPDF နဲ့ King Fighter-SGF တို့ ၃ ဖွဲ့ ပူးပေါင်းပြီး မနေ့ည ၇ နာရီလောက် မိုင်းခွဲဖျက်ဆီးခဲ့တာလို့ CAF-MGPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း မိုင်တဲလ် Sim ကတ်တွေကို အသုံးမပြုကြဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စီးပွားရေေလုပ်ငန်းတွေ အကုန်လုံးကို ဆန့်ကျင်သပိတ်မှောက်ကြဖို့ လို အပ်တယ်လို့ ဆိုပါတယ်။

CAF တပ်ဖွဲ့အနေနဲ့ နောက်နောင်မှာလည်း စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ဒလန်တွေ၊ စီးပွားရေးမိတ်ဖက်တွေ၊ စစ်သား၊ ရဲတွေနဲ့ ပတ်သက်ဆက်နွှယ်တာတွေအားလုံးကို တိုက်ခိုက် ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာလည်း နိုဝင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းက ပျူစောထီးခေါင်းဆောင် တစ်ယောက်ကို ရေစကြို UURF တပ်ဖွဲ့က သုတ်သင်ခဲ့တယ်လို့ အဲဒီတပ်ဖွဲ့ကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ကန်ထောင့်ရွာမှာ မနေ့က ညနေ ၄ နာရီကျော်လောက်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအောင်ချိုရဲ့ သား ပျူစောထီးခေါင်းဆောင် သိဒ္ဓိအောင်ကို ရေစကြိုမြို့နယ် မြေအောက်တော်လှန်ရေးတပ်ဖွဲ့ UURF က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ UURF ရဲ တာဝန်ရှိသူတစ်ယောက်က DVB ကိုပြောပါတယ်။

သိဒ္ဓိအောင်ဟာ အကြမ်းဖက်စစ်ကောင်စီကပေးတဲ့ ပျူစောထီးသင်တန်း တက်ရောက်ကာ ကျေးရွာပျူစောထီးခေါင်းဆောင်အဖြစ်တာဝန်ယူထားပြီး ဒေသခံပြည်သူတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေသူတစ်ယောက်ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလည်း အကြမ်းဖက်စစ်ကောင်စီနဲ့ချိတ်ဆက်ကာ ဆင်ချောင်းပျူစောထီး အဖွဲတွေနဲ့ ပူးပေါင်းပြီး ရွာကပြည်သူတွေကို ဒုက္ခပေးဖို့ စီစဥ်နေတာကြောင့် သုတ်သင် ရှင်းလင်းလိုက်တာလို့ ဆိုပါတယ်။

ရေစကြို UURF တပ်ဖွဲ့အနေနဲ့ မနေ့က ညနေ ၅ နာရီလောက်မှာလည်း ရေလယ်ကျွန်းကနေ ပြန်လာတဲ့ အကြမ်းဖက်စစ်အုပ်စုတွေကို သင့်သည်ရွာနဲ့ ကန်ထောင့်ရွာကြားမှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားဒဏ်ရာရသွားပြီး သေဆုံးတဲ့ အရေတွက်ကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်စစ်အုပ်စုရှိတဲ့နေရာတွေနဲ့ ပျူစောထီးတွေရဲ့ နေအိမ် ပတ်ဝန်းကျင်တွေကို သွားလာတာတွေ လုံးဝမလုပ်ဖို့နဲ့ အထူးရှောင်ရှားကြဖို့ သတိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up