close

တောင်ကိုရီးယား စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း ချန်ဒူးဝှန် ကွယ်လွန်

၁၉၈၀ ပြည့်နှစ်က တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးအရေးအခင်းမှာ ဆန္ဒပြကျောင်းသားတွေကို ပစ်ခတ် သတ်ဖြတ်ခဲ့တဲ့ စစ်အာဏာရှင် သမ္မတဟောင်း ဗိုလ်ချုပ်ကြီးဟောင်း ချန်ဒူးဝှန်ဟာ နိုဝင်ဘာ ၂၃ ရက် ဒီနေ့ သူ့အိမ်မှာပဲ သွေးကင်ဆာရောဂါနဲ့ ကွယ်လွန်ပါတယ်။

သူဟာ နိုင်ငံကို ၁၉၇၉ ခုနှစ်မှာ စစ်အာဏာသိမ်းခဲ့ပြီးနောက် ၁၉၈၀ တုန်းက စစ်တပ်က ဒီမိုကရေစီ လိုလားတဲ့ ဆန္ဒပြသူတွေကို အစုလိုက်အပြုံလိုက် သတ်ခဲ့တဲ့အမှုကို ကြီးကြပ်ခဲ့သူပါ။ 

ဒီရာဇဝတ်မှုအတွက် သေဒဏ်စီရင်ခံရပြီး နောက်ပိုင်းမှာ ပြစ်ဒဏ်လျှော့ပေါ့ပေးတာ ခံခဲ့ရပါတယ်။ သူ့ကို ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ တရားစီရင်ချိန်က တိုင်းပြည်မှာ နိုင်ငံရေးအကျပ်အတည်း ဆိုက်နေလို့ သူ စစ်အာဏာသိမ်းတာ လိုအပ်တယ်လို့ ခုခံလျှောက်လဲခဲ့သလို ဂွမ်ဂျူးကို စစ်တပ်လွှတ်ခဲ့တယ်ဆိုတဲ့ အချက်ကို သူက ငြင်းခဲ့ပါတယ်။

ချန်ဒူးဝှန်ဟာ ကိုရီးယားကျွန်းဆွယ်ကို ဂျပန်တွေ သိမ်းထားချိန် ၁၉၃၁ ခုနှစ် မတ်လ ၆ ရက်မှာ  နိုင်ငံအရှေ့တောင်ပိုင်းက ဆင်းရဲတဲ့ စိုက်ပျိုးရေးမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ အထက်တန်းကျောင်းကနေ ထွက်ပြီး စစ်တပ်ထဲ ဝင်ခဲ့အပြီး ၁၉၇၉ မှာတော့ စစ်ဦးစီးမှူး ဖြစ်လာခဲ့တာပါ။ အဲဒီနှစ်မှာပဲ သမ္မတပတ်ချုံဟီး လုပ်ကြံခံရလို့ စုံစမ်းရေးတာဝန်ခံ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် ချန်ဟာ အဓိကကျတဲ့ စစ်ရေးမဟာမိတ်တွေနဲ့ ချိတ်ဆက်ပြီး တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီတွေကို ထိန်းချုပ်နိုင်ခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်မှာ အာဏာသိမ်း ခေါင်းဆောင် ဖြစ်လာခဲ့ပါတယ်။ 

သူဟာ သမ္မတ အိမ်ပြာတော်ကနေ ၈ နှစ်ကြာ အုပ်ချုပ်ခဲ့ချိန်က ရက်စက်မှုနဲ့ နိုင်ငံရေး ဖိနှိပ်မှုတွေ လုပ်ခဲ့တဲ့ မှတ်တမ်းရှိခဲ့ပြီး တိုင်းပြည်စီးပွားရေး တိုးတက်အောင် ဆောင်ရွက်ရာမှာလည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။

၁၉၈၇ မှာ တိုက်ရိုက် ရွေးကောက်တင်မြှောက်တဲ့စနစ်ကို တောင်းဆိုတဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ ဒီမိုကရက်တစ်လှုပ်ရှားမှု ပြည်လုံးကျွတ် ပေါ်ပေါက်လာချိန်မှာ ချန်ဟာ ရာထူးကနေ အနားယူခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာတော့ တရားရုံးက ဆင့်ခေါ်တာကို ငြင်းအပြီး ဇာတိမြို့ကနေ ထွက်ပြေးပေမဲ့ အဖမ်းခံခဲ့ရပါတယ်။ အဲဒီနောက် သစ္စာဖောက်မှု တပ်တွင်းပုန်ကန်မှုတွေနဲ့ တရားစွဲခံခဲ့ရပါတယ်။ သမ္မတဟောင်း ချန်ဒူးဝှန်ဟာ အာဏာသိမ်းရာမှာ ပူးပေါင်းပါဝင်သူတွေနဲ့ သူ့ရဲ့ရာထူးဆက်ခံသူ သမ္မတဟောင်း ရိုတေဝူးတို့ကို တပ်တွင်းပုန်ကန်မှု၊ သစ္စာဖောက်မှုနဲ့ လာဘ်စားမှုတွေနဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီနောက် ချန်ဟာ သေဒဏ်ကျခဲ့သလို ရိုဟာလည်း နှစ်ရှည်ထောင်ဒဏ် ကျခံခဲ့ရပါတယ်။ ဒါပေမဲ့ ချန်ဟာ တောင်ကိုရီးယားကို အာရှကျားတကောင်အဖြစ် စီးပွားရေး အမြန်တိုးတက်အောင် လုပ်ခဲ့ပြီး သမ္မတ ရိုတေဝူးဆီ ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပေးခဲ့လို့ သူတို့ နှစ်ယောက်စလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး သမ္မတ ကင်မ်ယောင်ဆမ်းလက်ထက် ၁၉၉၇ နိုင်ငံရေး ညီညွတ်ရေး တိုးမြှင့်ဖို့ အားထုတ်မှုအတွင်း ထောင်ကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။ 

မြန်မာနိုင်ငံက အာဏာရှင် ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိခဲ့တဲ့ ချန်ဒူးဝှန်ဟာ ၁၉၈၃ ခုနှစ်ကလည်း မြန်မာနိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့စဉ်  မြောက်ကိုရီးယားကွန်မန်ဒိုတွေက ဖောက်ခွဲလုပ်ကြံတဲ့  အာဇာနည်ကုန်း ဗုံးပေါက်ကွဲမှုမှာ သီသီကလေး  အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ 

၁၉၈၀ ကနေ ၁၉၈၈ ထိ တောင်ကိုရီးယား သမ္မတဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ချန်ဒူးဝှန်  ဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ်ရှိပြီ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up