close

N-YSO အဖွဲ့ခေါင်းဆောင်အပါအဝင် ရဲဘော် ၄ ဦးကျဆုံး၊ ရေစကြိုတွင် အမျိုးသမီးတစ်ဦး ဖမ်းခံရ

မကွေးတိုင်း ရေစကြိုမြို့က စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရေး မစ်ရှင်တစ်ခုမှာ ရေစကြို N-YSO ပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်အပါအဝင် ရဲဘော် ၄ ဦး  ကျဆုံးခဲ့တယ်လို့ N- YSO က နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ 

ရေစကြို PDFအဖွဲ့တင်တစ်ဦးက “ကျနော်တို့ ဘယ်လိုပြောပြရမလဲ ဝမ်းနည်းတာပေါ့၊ တိုက်ဖော်တိုက်ဖက် ရဲဖော်ရဲဖက်တွေ ကို အရေးတော်ပုံကြီးအောင်မြင်တဲ့အချိန်ထိ အတူတူရှိနေစေချင်တာပေါ့၊ အတူတူပျော်စေချင်တာပေါ့။ ဒါပေမယ့် အခုတော့ လက်လွှတ်ဆုံးရှုံးလိုက်ရတာပေါ့။ တော်လှန်ရေးမှာ အောင်မြင်နိုင်ဖို့အတွက် အသက်ပေးသွားကြရတယ်လို့ပဲ အားတင်းပြီး ကျနော်တို့ ရှေ့ဆက်သွားမှာပါ” လို့ ပြောပါတယ်။

မစ်ရှင်တစ်ခုမှာ  ကျဆုံးသွားကြတယ်လို့ ထုတ်ပြန် ဖော်ပြထားပေမယ့် ဘယ်တိုက်ပွဲမှာ ကျဆုံးခဲ့တယ်ဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

N- YSO အဖွဲ့ဟာ နိုဝင်ဘာ ၁၈ ရက်နေ့က ရေစကြို မအူရဲစခန်းကို တိုက်ခိုက်သိမ်းယူမှုမှာ မဟာမိတ် တပ်အနေနဲ့ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ရေစကြိုမြို့  ဇီးကျွန်းရပ်ကွက်မှာ နိုဝင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲလောက် စစ်ကောင်စီတပ်တွေက ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ပြီး အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ထင်းတန်းရပ်ကွက်နဲ့ ဇီးကျွန်းရပ်ကွက် အတွင်းမှာ စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်တွေနဲ့ လိုက်လံရှာဖွေပြီး အသက် ၅၀ ၀န်းကျင် အရွယ်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ငါးရောင်းတဲ့ အမျိုးသမီးတစ်ဦးကို လိုက်လံရှာဖွေနေတာဖြစ်ပြီး အခု အဖမ်းခံရတဲ့အမျိုးသမီးမဟုတ်ဘူးလို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။

“နားဆွဲတန်းလန်းလေးနဲ့ ငါးရောင်းတာလို့ပြောပြီးရှာနေတာ။ ဖမ်းသွားတော့ သူတို့ပြောရှာတဲ့ အဲ့လို လူမျိုးမဟုတ်ဘူး။ ဘာလို့ဖမ်းတာလဲတော့ မသိဘူး ဆိုင်ကယ်တွေနဲ့ ရပ်ကွက်ထဲဝင်လာပြီးတော့ ဖမ်းချသွားတာပဲ၊ လာဖမ်းတာက အယောက်ကတော့ ၁၅ ယောက်လောက်တော့ရှိတယ်။ ဒီရပ်ကွက်ထဲက နားဆွဲတန်းလန်းနဲ့ ငါးရောင်းစားတဲ့သူတွေက အများကြီးလေ” လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

ရေစကြိုမြို့ အမှတ် ၃ ရပ်ကွက်၊  ရေလယ်ကျွန်းက ဆင်ခြေရာကျေးရွာ၊ ပန်တော်ပြင်ဆိပ်ကမ်းအနီး၊ အမှတ် ၁ ရပ်ကွက် ထင်းတန်းဆိပ်ကမ်း စတဲ့နေရာတွေမှာ နိုဝင်ဘာ ၂၄ ရက်နေ့ မနက်ပိုင်းကတည်းက စစ်ကောင်စီတပ်ဖွဲ့က အရပ်ဝတ်တွေနဲ့ လှည့်လည် ကင်းစောင့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up