close

ဆူပူအုံကြွမှုများ၏တရားခံ ပြည်ပနိုင်ငံများဖြစ်ဟု ဆော်လမွန်ကျွန်း ဝန်ကြီးချုပ် အပြစ်တင်

တောင်ပစိဖိတ်ကျွန်းနိုင်ငံငယ်လေးဖြစ်တဲ့ ဆော်လမွန်ကျွန်းစုမှာ  ပြင်းထန်တဲ့ ဆန္ဒပြမှုတွေဖြစ်ပွားစေခဲ့တဲ့ ဆူပူအုံကြွမှုတွေအတွက် ပြည်ပနိုင်ငံတွေမှာ တာဝန်ရှိတယ်လို့ ဆော်လမွန်ကျွန်းနိုင်ငံ ဝန်ကြီးချုပ် မနတ်စ်ဆာဆိုဂါဗယ်ရာက ပြောကြားလိုက်ပါတယ်။ 

ဆူပူအုံကြွမှုစဖြစ်ရတဲ့အကြောင်းရင်းအတိအကျကို မီဒီယာတွေမှာ ဖော်ပြခြင်းမရှိပေမဲ့ လူတွေဟာ  မြို့တော် ဟိုနီအာရာနဲ့ ရေလမ်းပိုင်းခြားနေတဲ့ မလေးတာကျွန်းကနေ မြို့တော်ဘက်ဆီ  ထွက်ခွာ လာနေကြပါတယ်။ 

အဆောက်အဦတွေကို မီးရှို့တာနဲ့ လုယက်တာတွေကို အာဏာပိုင်တွေက  တားဆီးဖို့ကြိုးပမ်းခဲ့ကြပြီး ဝန်ကြီးချုပ် ဆိုဂါဗယ်ရာကတော့ မြို့တော် ဟိုနီအာရာကို ၃၆ နာရီကြာ ပိတ်ချလိုက်ဖို့ နိုဝင်ဘာ ၂၄ ရက်က ကြေညာခဲ့ပါတယ်။ 

ဆန္ဒပြသူတွေဟာ အစိုးရ ချမှတ်ထားတဲ့ လော့ဒေါင်းအစီအမံကို ဆန့်ကျင်ဖီဆန်တဲ့အနေနဲ့လည်း ဆော်လမွန်ကျွန်းမြို့တော်ရဲ့ တရုတ်တန်းမှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေကို ရှုတ်ချတဲ့ ဝန်ကြီးချုပ်ကို  နုတ်ထွက်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။  ဆူပူအုံကြွမှုအတွင်း ပါလီမန်အဆောက်အအုံနဲ့ တရုတ်နိုင်ငံသားပိုင် စတိုးဆိုင်တွေလည်း  မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။ 

ဆော်လမွန်ကျွန်းစုရှိ တရုတ်ငွေကြေးထောက်ပံ့ထားတဲ့ လုပ်ငန်းတွေနဲ့ တရုတ်နိုင်ငံသားတွေ တိုက်ခိုက်ခံရမှုအပေါ် တရုတ်နိုင်ငံက အပြင်းအထန် စိုးရိမ်မိကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက မနေ့က ပြောကြားခဲ့ပါတယ်။ 

တရုတ်နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးကို ကာကွယ်ဖို့ လိုအပ်တဲ့ အစီအမံအားလုံးကို လုပ်ဆောင်ဖို့ ဒေသဆိုင်ရာ အစိုးရကို တောင်းဆိုထားပါတယ်။

ပစိဖိတ်ကျွန်းနိုင်ငံရှိ အကြမ်းဖက်ဆန္ဒပြပွဲတွေကိုချေမှုန်းဖို့ သြစတြေးလျ ရဲအရာရှိတွေဟာ ဆော်လမွန်ကျွန်းစုကို နိုဝင်ဘာ ၂၅  ရက်က ရောက်ရှိခဲ့ပါတယ်။  

သြစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆင်ကတော့ သူဟာ ဆော်လမွန်ဝန်ကြီးချုပ် ဆိုဂါဗယ်ရာဆီက အကူအညီတောင်းခံမှုကို လက်ခံခဲ့ပြီး အရေးကြီးတဲ့ အခြေခံအဆောက်အဦတွေကို စောင့်ကြပ်ရာမှာ ကူညီပေးဖို့ အင်အား ၁၀၀ ကျော်လောက်ပဲ စေလွှတ်မယ်လို့ မနေ့က ပြောပါတယ်။ 

ဆော်လမွန်ကျွန်းစုမှာ ညတွင်းချင်းပဲ ဆန္ဒပြပွဲတစ်ခုအနေနဲ့ စတင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး အဟန့်အတားမရှိ လုယက်မှုတွေ၊ လူထုမငြိမ်မသက်မှုတွေနဲ့ အပြုအမူတွေ ပိုမြင်လာရကာ အဲဒါကို ထိန်းချုပ်နိုင်လာတာကို မြင်တွေ့ချင်တယ်လို့ ဝန်ကြီးချုပ် မော်ရစ်ဆင်က ဒီကနေ့ ကင်ဘာရာမြို့မှာ  သတင်းထောက်တွေကို  ပြောကြားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up