ငလျင်ကြောင့် ပြိုကျပျက်စီးနေအိမ်များကို ပီရူးသမ္မတ သွားရောက်ကြည့်ရှု

ပီရူးနိုင်ငံမှာ အင်အားရစ်ချ်တာစကေး ၇ ဒသမ ၅ ရှိတဲ့ အားပြင်းငလျင်တခု လှုပ်ခတ်လို့ ပြိုကျပျက်စီးသွားတဲ့ အိမ်တွေကို သမ္မတ ပေဒရိုကက်စတယ်လို နိုဝင်ဘာ ၂၈ ရက်က သွားရောက် ကြည့်ရှုခဲ့ပါတယ်။
ငလျင်သင့် ပြည်သူတွေကို ထောက်ပံ့ကြောင်းပြဖို့ အမေဇုန်ဒေသက ဂျယ်ကာဂရန်ဒီမြို့ကို သမ္မတက သွားခဲ့တာပါ။
အစိုးရက အကူအညီပေးဖို့ ပြင်ဆင်နေပြီလို့ ငလျင်သင့်သူတွေကို သမ္မတက အာမခံ ပြောဆို ပါတယ်။ ငလျင်သင့်သူတွေက အိမ်ပြန်ဆောက်ဖို့ အကူအညီ ရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။
နိုဝင်ဘာ ၂၉ မနက်က ပီရူးနိုင်ငံ မြောက်ပိုင်း ဝေးလံသီခေါင်တဲ့ အမေဇုန်ဒေသမှာ ငလျင်လှုပ်ခဲ့တာပါ။ ငလျင်ဒဏ်ကို နိုင်ငံအလယ်ပိုင်းက လီမာမြို့ကနေ ခံစားခဲ့ရပြီး အသေအပျောက် မရှိသေးပါဘူး။
ငလျင်ဟာ ကွန်ဒေါကာကီပြည်နယ် စန်တာမာရီယာ ဒေနေးဗာမြို့ကနေ ၆၁ မိုင်အကွာ မြေအောက် အနက် ၈၁ မိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ ပီရူး ဘူမိရူပ တက္ကသိုလ် ငလျင်ဗေဒဌာန (IGP) က ပြောပါတယ်။
အိမ်အလုံးပေါင်း ၂၂၀ ငလျင်ဒဏ်ခံခဲ့ရပြီး ၈၁ လုံးက လူနေလို့ မရတော့လောက်အောင် ပျက်စီး ခဲ့တယ်လို့ အမျိုးသား အရပ်ဘက် ကာကွယ်ရေးအဖွဲ့ (Indeci) က ကြေညာချက် ထုတ်ပြန်ပါတယ်။
ပျက်စီးသွားတဲ့ အဆောက်အဦတွေထဲမှာ ဘာသာရေးအရ ကိုးကွယ်ရာ နေရာတွေနဲ့ စျေး ၂ ခုလည်း ပါသွားတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။