ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီက ၇ ကြိမ်မြောက်ရရှိ

ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို အာဂျင်တီးနားနဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး လီယိုနယ် မက်ဆီက ၇ ကြိမ်မြောက် ရရှိသွားပါတယ်။
တစ်နှစ်တာအတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုတွေကို နိုဝင်ဘာ ၂၉ ရက်က ပေးအပ်ချီးမြှင့်ရာမှာ မက်ဆီက ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရရှိတာဖြစ်ပြီး ဘိုင်ယန်မြူနစ်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက ဒုတိယ၊ ချယ်လ်ဆီးကွင်းလယ်လူ ယော်ဂင်ညိုက တတိယနဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး ဘန်ဇီမာက စတုတ္ထနေရာက ရွေးချယ်ခံရပါတယ်။
ပဲရစ်မြို့မှာ မနေ့ညက ကျင်းပတဲ့ ဆုပေးပွဲမှာ မက်ဆီက “ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ဒီဆုရတာ နောက်ဆုံးပဲလို့ ထင်ခဲ့မိတယ်။ ဘယ်တော့ အနားယူမှာလဲလို့ လူတွေက ကျနော့်ကိုစပြီးမေးလာကြပြီ၊ ဒါပေမဲ့ အခု ပဲရစ်ကိုရောက်နေပြီ။ အရမ်းပျော်ပါတယ်” လို့ပြောပါတယ်။
အသက် ၃၄ နှစ်အရွယ် မက်ဆီဟာ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံလက်ရွေးစင်အသင်းအတွက် ကိုပါအမေရိကဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး အာဂျင်တီနားအသင်းအတွက် ၈ ဂိုး၊ ဘာစီလိုနာအသင်းမှာ ၂၈ ဂိုးနဲ့ လက်ရှိကန်နေတဲ့ ပီအက်စ်ဂျီအသင်းမှာ ၄ ဂိုး စုစုပေါင်း သွင်းဂိုး ၄၀ သွင်းယူပေးထားပါတယ်။
မက်ဆီဟာ ၂၀၀၉ ခုနှစ်၊ ၂၀၁၀ ပြည်နှစ်၊ ၂၀၁၁ ခုနှစ်၊ ၂၀၁၂ ခုနှစ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်တွေမှာ လည်း ဘလွန်းဒီအောဆုကို ရရှိခဲ့ဖူးပါတယ်။
အခုနှစ်အတွက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးအမျိုးသမီးဘောလုံးသမားဆုကိုတော့ ဘာစီလိုနာအမျိုးသမီးအသင်းခေါင်းဆောင် အလီဇာပူတဲလ်လက်စ်က ရရှိသွားပါတယ်။
၂၀၂၁ ခုနှစ်မှာ ပြိုင်ပွဲစုံ ၅၃ ဂိုးသွင်းယူပေးခဲ့တဲ့ ပိုလန်နဲ့ ဘိုင်ယန်မြူနစ်တိုက်စစ်မှူး လီဝန်ဒေါစကီးကတော့ အကောင်းဆုံး တိုက်စစ်မှူးဆု ရရှိသွားပါတယ်။
ဒီနှစ်မှာ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် စကာတင် အယောက် ၃၀ စာရင်းမှာ ပရီးမီးယားလိဂ်က ၁၅ ယောက်အထိ ပါဝင်လာခဲ့တာဖြစ်ပါတယ်။
မန်ယူနိုက်တက်ကစားသမား စီရော်နယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ဆဋ္ဌမ နေရာမှာ ရွေးချယ်ခံရပြီး ၊ လီဗာပူးတိုက်စစ်မှူး ဆာလက်က သတ္တမနဲ့ စပါးအသင်း တိုက်စစ်မှူး ဟာရီကိန်းက အဆင့် ၂၃ မှာ ရွေးချယ်ခံထားရပါတယ်။
ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆု ၅ ကြိမ်ရဖူးတဲ့ စီရော်နယ်ဒိုကတော့ အခုနှစ်မှာ ဆုပေးပွဲကို တက်ရောက်ခဲ့ခြင်းမရှိပါဘူး။
ဘလွန်းဒီအောဆုကို ကမ္ဘာ့တဝန်းက ဂျာနယ်လစ် ၁၈၀ က မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ဆုပေးနိုင်ခဲ့ခြင်းမရှိပါဘူး။