ဘလွန်းဒီအော ဆန်ခါတင် ၃ဝ ထဲမပါတာ ပြင်သစ်ကို ကိုယ်စားမပြု၍ ဖြစ်နိုင်ဟု မန်ဒီ ပြော

ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဆုအတွက် ဆန်ခါတင် ၃၀ စာရင်းမှာ မပါဝင်တာက ပြင်သစ် အသင်းအတွက် မကစားပေးလို့ဖြစ်နိုင်ကြောင်း ချဲလ်ဆီးဂိုးသမား မန်ဒီက ပြောပါတယ်။
မန်ဒီဟာ ချဲလ်ဆီးအသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ခဲ့ပေမယ့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်တဲ့ ဘလွန်းဒီအောဆု ဆန်ခါတင် ၃ဝ စာရင်းမှာတော့ ပါဝင်လာခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။
ဆန်ခါတင်စာရင်းမှာ မပါဝင်တာက ပိုပြီးအလုပ်ကြိုးစားဖို့ တွန်းအားဖြစ်စေတယ်လို့ မန်ဒီက ဆိုပေမဲ့ တဘက်မှာလည်း အံ့အားသင့်စရာကောင်းတယ်လို့ မန်ဒီက ကမ်နယ်ပလက်စ်နဲ့ အင်တာဗျူးမှာ ပြောပါတယ်။
“ကျနော်သာ ပြင်သစ်အသင်းကို ကိုယ်စားပြုပြီး ယူရိုပြိုင်ပွဲကစားခဲ့မယ်ဆိုရင် ဆန်ခါတင်စာရင်းမှာ မပါလို့ ဖြစ်လာတဲ့ အငြင်းပွားမှုတွေနဲ့ သုံးသပ်ချက်တွေ ရှိမယ်ထင်လား” လို့ ဂိုးသမားမန်ဒီက မေးခွန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဆီနီဂေါ ဂိုးသမား မန်ဒီဟာ ပြင်သစ်ကလပ်ရင်းနက်စ်မှာ လက်စွမ်းပြခဲ့ပြီးနောက် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့လာခဲ့တာပါ။
ဆီနီဂေါအသင်းဖော်တွေဖြစ်တဲ့ မာနေးနဲ့ ကူလီဘာလီတို့လည်း ချန်ပီယံလိဂ်ဖလား ပထမဆုံးရရှိတဲ့ အာဖရိကန်ဂိုးသမားတစ်ဦးကို ရွေးချယ်ခြင်းမပြုတဲ့အပေါ် အံ့အားသင့်မိတယ်လို့ ဝေဖန်ခဲ့ကြပါတယ်။