အာဖရိကနိုင်ငံများသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၁,၀၀၀ လှူဒါန်းမည်ဟု တရုတ် ကတိပြု

တရုတ်အစိုးရဟာ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေး ထိုးဆေးလုံးရေ နောက်ထပ် သန်း ၁,၀၀၀ ကို အာဖရိကနိုင်ငံတွေဆီ လှူဒါန်းသွားမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုဝင်ဘာ ၂၉ ရက်မှာ ကတိပြုလိုက်ပါတယ်။
၂၀၂၂ မှာ အာဖရိကတိုက် လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးပေးမယ့် ပန်းတိုင်အတွက် ဆောင်ရွက်တာလို့ ဆိုပါတယ်။
နောက်ထပ် ကတိပြုထားတဲ့ ကာကွယ်ဆေးတွေထဲက ထိုးဆေး သန်း ၂၀၀ နီးပါးကို တရုတ်က အာဖရိကတိုက်ဆီ ပေးပို့ဖြန့်ဖြူးပြီးပါပြီ။
တောင်အာဖရိကမှာ ပထမဆုံး တွေ့ရှိဖော်ထုတ်ထားတဲ့ အိုမီခရွန်ဗီဇမျိုးကွဲ ကူးစက်မှုအတွက် စိုးရိမ်စိတ်တိုးနေချိန်မှာ ခုလို လှူဒါန်းတာပါ။
အာဖရိက ဘဏ္ဍာရေးအဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ ချေးငွေပေးနိုင်ဖို့ တရုတ်-အာဖရိက နယ်စပ်ဖြတ်ကျော် ယွမ်ငွေလဲဌာနကို တည်ထောင်မယ်လို့လည်း ရှီကျင့်ဖျင်က တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
အာဖရိကဟာ တရုတ်အတွက် ရေနံစိမ်းနဲ့ သတ္တုအဓိကရင်းမြစ်တွေထဲက တနေရာဖြစ်ပြီး လာမယ့် ၃ နှစ်အတွင်း တရုတ်က အာဖရိကကနေ တင်သွင်းတဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၃၀၀ အထိ ရောက်လိမ့်မယ်လို့လည်း ရှီကျင့်ဖျင်က ပြောပါတယ်။
နှစ်ဖက်စလုံးဟာ ကျန်းမာရေး၊ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှု နည်းပညာ၊ ကုန်သွယ်ရေး တိုးမြှင့်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် အခြေပြု ဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်တွေမှာ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ရှီက ပြောပါတယ်။