ရန်စမှုများ ရပ်တန့်ရန် အမေရိကန်ကို တရုတ်သတိပေး

ထိုင်ဝမ်ရေလက်ကြားမှာ အမေရိကန် စစ်သင်္ဘော မီလီးယပ်စ် ခရီးတထောက် နားနေတာဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို လှိုက်စားနေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက နိုဝင်ဘာ ၂၃ ရက်မှာ ပြောလိုက်ပါတယ်။
အမေရိကန်ဟာရန်ဖြစ်အောင် နှိုးဆော်တာတွေကို ရပ်သင့်ပြီး အဲဒီအစား ဒေသတွင်း တည်ငြိမ်ရေး တိုးမြှင့်စေမယ့် အခန်းကဏ္ဍမှာ ပါဝင် လုပ်ဆောင်သင့်တယ်လို့ ပြောခွင့်ရက ပြောပါတယ်။
တရုတ်စစ်တပ်ကလည်း နိုင်ငံတော် အချုပ်အခြာ ပိုင်နက်ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ ခြိမ်းခြောက်ရန်စမှု အားလုံးကိုတုံ့ပြန်ဖို့ လိုအပ်တဲ့ အဆင့်အားလုံးကို ဆောင်ရွက်သွားမယ်လို့ မနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်ရေတပ်သင်္ဘောတွေဟာ ထိုင်ဝမ်ရေလက်ကြားမှာ လစဉ်နီးပါး ခရီးတထောက် နားနေလို့ တရုတ်အစိုးရရဲ့ ဒေါသကို ဆွပေးသလိုဖြစ်နေတာပါ။ အမေရိကန်နဲ့ မဟာမိတ်တွေဟာလည်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီး သင်္ဘောတွေကို မကြာခဏ စေလွှတ်နေပါတယ်။