close

တရုတ်အာကာသယာဉ် အစိတ်အပိုင်းအချို့ ရခိုင်ပြည်နယ် ပင်လယ်ပြင်ကို ထပ်မံကျရောက်မည်

တရုတ်အာကာသယာဉ်က အစိတ်အပိုင်းတချို့ ရခိုင်ပြည်နယ်ထဲကပင်လယ်ပြင်ကို ဒီရက်ပိုင်းမှာ ထပ်ပြီး ကျလာဖို့ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၆ ရက်ကနေ ၁၂ ရက်အတွင်း မနက် ၅ နာရီခွဲကနေ ၈ နာရီခွဲအတွင်း ရခိုင်ပြည်နယ် သံတွဲလေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၈ မိုင်လောက်၊ မာန်အောင်လေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၂၈ မိုင်လောက်၊ ပုသိမ်လေဆိပ်ရဲ့ အနောက်ဘက် ရေမိုင် ၆၁ မိုင်အကွာက ဘင်္ဂလားပင်လယ်အော်ထဲကို ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့အစည်း (Civil Aviation Authority of China - CAAC)၊ လေကြောင်းစီမံခန့်ခွဲမှုဗျူရို (Air Traffic Management Bureau)က အာကာသယာဉ်ရဲ့ လှုပ်ရှားမှု (Spaceflight Activities)ကို လေကြောင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပေးထားတာ ဖြစ်ပါတယ်။

သက်ရောက်မဲ့ ဧရိယာဟာ မြန်မာ့လေပိုင်နက်ထဲက International Airway P646 နဲ့ N895/G472 တို့ကို သက်ရောက်နိုင်တာကြောင့် လေယာဉ်တွေ ဘေးအန္တရာယ်ကင်းစေဖို့ လိုအပ်တဲ့ လေယာဉ်မှူး အသိပေးစာကို မြန်မာ့လေပိုင်နက်ထဲကနေ ဖြတ်ကျော်ပျံသန်းမယ့်  နိုင်ငံတကာ လေကြောင်းလိုင်းတွေ သိစေဖို့လည်း  ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲက ငါးဖမ်းလှေတွေအနေနဲ့လည်း အဲဒီအချိန်နဲ့ နေရာတွေကို သတိပြုရှောင်ရှားကြဖို့ သတိပေးထားပါတယ်။ 

တရုတ်အာကာသယာဉ်အပိုင်းအစတွေကျလို့ ထိခိုက်မှုဖြစ်ခဲ့ရင် တရုတ်နိုင်ငံအနေနဲ့ တာဝန်ရှိတယ် ဆိုတာကိုလည်း မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တရုတ်နိုင်ငံ မြို့ပြလေကြောင်း ထိန်းသိမ်းရေးဌာနဆီကို အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။ 

ပြီးခဲ့တဲ့ တပတ် နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်က ပင်လယ်ပြင်ထဲက တရုတ်အာကာသယာဉ်အစိတ်အပိုင်းတချို့ ကျလာခဲ့ပြီး မြို့တော်တော်များများက တွေ့မြင်ခဲ့ကြရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up