စမ်းသပ်ဆဲ တရုတ်အာကာသယာဉ်တစင်းဟာ ၂၇၆ ရက်ကြာ ပတ်လမ်းကြောင်းမှာ နေထိုင်ပြီးနောက် မေလ ၈ ရက်က ကမ္ဘာမြေပေါ် ပြန်လည်ရောက်ရှိခဲ့ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပြီး နိုင်ငံရဲ့ အာကာသနည်းပညာတွေကို စမ်းသပ်ဖို့ အထင်ကရ မစ်ရှင်တခု ပြီးဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။
လွှတ်တင်ထားတဲ့ အာကာသယာဉ်ဟာ စီစဉ်ထားတဲ့အတိုင်း တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ဂျွန်ကွမ် လွှတ်တင်ရေးစခန်းကို မေလ ၈ ရက်မှာ ပြန်လည်ရောက်ရှိခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လ အစောပိုင်းက လွှတ်တင်ခဲ့တာဖြစ်ပြီး အဆိုပါ အာကာသယာဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ အများပြည်သူကို ထုတ်ပြန်ခြင်း မရှိသေးပါဘူး။
တရုတ်ဆိုရှယ်မီဒီယာပေါ်က ဝေဖန်သုံးသပ်သူတွေက ပေကျင်းဟာ နှစ်ပေါင်းများစွာ ပတ်လမ်းကြောင်းမှာ နေနိုင်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာကာသယာဉ်ဖြစ်တဲ့ အမေရိကန်လေတပ်ရဲ့ X-37 B လို အာကာသယာဉ်ကို တီထွင်နေတယ်လို့ ထင်ကြေးပေးနေကြပါတယ်။
X -37 B ဟာ ရက်ပေါင်း ၉၀၀ ကျော် သူ့ရဲ့ ပတ်လမ်းကြောင်းမှာ လည်ပတ်ပြီး သူ့ရဲ့ ဆဌမမြောက်နဲ့ နောက်ဆုံးမစ်ရှင်အတွက် အရင်နှစ် နိုဝင်ဘာက ကမ္ဘာမြေပေါ်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
Source -CNA
တရုတ်အာကာသယာဉ်က အစိတ်အပိုင်းတချို့ ရခိုင်ပြည်နယ်ထဲကပင်လယ်ပြင်ကို ဒီရက်ပိုင်းမှာ ထပ်ပြီး ကျလာဖို့ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာ ၆ ရက်ကနေ ၁၂ ရက်အတွင်း မနက် ၅ နာရီခွဲကနေ ၈ နာရီခွဲအတွင်း ရခိုင်ပြည်နယ် သံတွဲလေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၈ မိုင်လောက်၊ မာန်အောင်လေဆိပ်ရဲ့ အနောက်တောင်ဘက် ရေမိုင် ၂၈ မိုင်လောက်၊ ပုသိမ်လေဆိပ်ရဲ့ အနောက်ဘက် ရေမိုင် ၆၁ မိုင်အကွာက ဘင်္ဂလားပင်လယ်အော်ထဲကို ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့အစည်း (Civil Aviation Authority of China - CAAC)၊ လေကြောင်းစီမံခန့်ခွဲမှုဗျူရို (Air Traffic Management Bureau)က အာကာသယာဉ်ရဲ့ လှုပ်ရှားမှု (Spaceflight Activities)ကို လေကြောင်းအန္တရာယ်ကင်းရှင်းစေရေးအတွက် သတိပေးထားတာ ဖြစ်ပါတယ်။
သက်ရောက်မဲ့ ဧရိယာဟာ မြန်မာ့လေပိုင်နက်ထဲက International Airway P646 နဲ့ N895/G472 တို့ကို သက်ရောက်နိုင်တာကြောင့် လေယာဉ်တွေ ဘေးအန္တရာယ်ကင်းစေဖို့ လိုအပ်တဲ့ လေယာဉ်မှူး အသိပေးစာကို မြန်မာ့လေပိုင်နက်ထဲကနေ ဖြတ်ကျော်ပျံသန်းမယ့် နိုင်ငံတကာ လေကြောင်းလိုင်းတွေ သိစေဖို့လည်း ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲက ငါးဖမ်းလှေတွေအနေနဲ့လည်း အဲဒီအချိန်နဲ့ နေရာတွေကို သတိပြုရှောင်ရှားကြဖို့ သတိပေးထားပါတယ်။
တရုတ်အာကာသယာဉ်အပိုင်းအစတွေကျလို့ ထိခိုက်မှုဖြစ်ခဲ့ရင် တရုတ်နိုင်ငံအနေနဲ့ တာဝန်ရှိတယ် ဆိုတာကိုလည်း မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တရုတ်နိုင်ငံ မြို့ပြလေကြောင်း ထိန်းသိမ်းရေးဌာနဆီကို အကြောင်းကြားထားတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ တပတ် နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်းကလည်း ရခိုင်ပြည်နယ်က ပင်လယ်ပြင်ထဲက တရုတ်အာကာသယာဉ်အစိတ်အပိုင်းတချို့ ကျလာခဲ့ပြီး မြို့တော်တော်များများက တွေ့မြင်ခဲ့ကြရပါတယ်။