close

တန့်ဆည်နှင့်အရာတော်ရှိ နေအိမ်များကို စစ်တပ်ကမီးရှို့ဖျက်ဆီး၊ ဒေသခံ ၃၀၀၀ ခန့် ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ အရာတော်မြို့နယ်တို့က ပြည်သူတွေရဲ့ နေအိမ်တွေကို ဒီဇင်ဘာ ၁ ရက်‌နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်၊ ပုတီးရွာက နေအိမ် ၉ လုံးကို ဒီဇင်ဘာလ ၁ ရက် ည ၇ နာရီလောက်က အကြမ်းဖက်စစ်တပ်က ဝင်ရောက်ရှာ‌ဖွေ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“ညနေ ၄ နာရီလောက်ကစပြီး ကျနော်တို့ရွာကို စစ်တပ်ရောက်လာတယ်။ ရွာထဲက ရှိသမျှ လူ‌တွေ ဘုန်းကြီးကျောင်းကို သွားပါ၊ အိမ်တွေ သော့ဖွင့်ထားခဲ့၊ ရွာထဲက ထွက်ပြေးဖို့ကြံရင် ပစ်သတ်ခံရမယ်၊ မသေချင်ရင် ဘုန်းကြီးကျောင်းအပြင်ဘက်ကို မထွက်ခဲ့နဲ့လို့ လှည့်ပတ်ပြောပြီး အိမ်တွေထဲဝင်ရှာ ဖျက်ဆီးကြတာပဲ။” 

စစ်ကောင်စီတပ်က ပုတီးရွာမှာ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ကတည်းက တပ်စွဲပြီး နေအိမ်တွေကို ဖျက်ဆီးနေတာကြောင့် လူဦးရေသုံးထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။

“နိုဝင်ဘာ ၃၀ ရက်နေ့ ကျွန်းသာကို ဝင်တယ်။ အဲရွာကိုလည်း ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ကြားတယ်။ ကျနော်တို့ရွာကိုလည်း ဒီဇင်ဘာ ၁ ရက်နေ့ မနက်ခင်းကဝင်လာတယ်။ ကျေးရွာထဲက လူအတော်များများဘေးလွတ်ရာကို ထွက်ပြေးကြရတယ်။ ရွာထဲမှာတော့ မပြေးနိုင်တဲ့ ကလေးငယ်တွေ၊ အသက်ကြီးရွယ်အိုနဲ့ မိန်ကလေးတွေကျန်ခဲ့တာတွေရှိခဲ့တယ်။” 

ပုတီးရွာမှာ မနေ့ည ၈ နာရီခန့်အချိန်ထိ နေအိမ် ၉ လုံး ဖျက်ဆီးထားကာ နောက်ထပ်လည်း အိမ်ရိုက်ဖျက်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုတီးကျေးရွာအုပ်စုဟာ အိမ်ခြေ ၆၇၂ အိမ်ရှိပြီး၊ လူဦးရေ သုံးထောင်ကျော်နေထိုင်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေဟာ တန့်ဆည်-ကျွန်လှ မြို့နယ်ချုပ်စပ် ယပင်းချောင်းရိုးတလျှောက်က စပါးတဲ၊ နနွင်း‌တော၊ စည်သာ စတဲ့ရွာတွေကို စစ်ကြောင်းထိုး ရှာဖွေဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာက နေအိမ်အချို့ကိုလည်း ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ပြီး သေနတ်တွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဒီနေ့ နောင်ကြီးအိုင်လမ်းပေါ်မှာ ဆီသယ်ယာဉ်တစ်စီး မိုင်းဆွဲခံရတယ်။ အဲဒါကြောင့် စစ်တပ်က မီးရှို့တယ်ထင်တယ်။ ရွာထဲက တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့နေအိမ်ကို ဝင်ရောက်မွှေနှောက်ရှာ‌ဖွေပြီး မီးရှို့လိုက်တယ်လို့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နောင်ကြီးအိုင်ကျေးရွာက ဦးဌေးလွင်ရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးပြီး ညနေ ၆ နာရီထိုးချိန်အထိ သေနတ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။

အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာဟာ မုံရွာ - ရွှေဘို-ဒီပဲယင်း‌-‌ရေဦး-တန့်ဆည်အထိ စစ်ကောင်စီက တပ်ရိက္ခာသယ်ယူပို့ဆောင်နေကြပြီး နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်လည်း စစ်ကောင်စီရဲ့ ‌ဆီသယ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up