close

မြန်မာတွင် တရက်တည်း ကိုဗစ်-၁၉ လူနာသစ် ၅၂၁ ဦးတွေ့ရှိ၊ ၉ ဦး ထပ်မံသေဆုံး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် အယောက် ၅၂၁ နဲ့ ၉ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂ ရက်နေ့ညမှာ ထုတ်ပြန်ပါတယ်။ 

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အ များစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။ 

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ  ၂၁,၁၈၈  ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၅၂၁ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၂ ဒ သမ ၅ ရာခိုင်နှုန်း  ရှိနေပါတယ်။ 

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့   ၆၉၈  ယောက်ရှိနေတယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၂၃,၃၄၆ ယောက်နဲ့ သေဆုံးသူအရေအတွက်ကတော့ ၁၉,၁၂၀  ယောက် ရှိနေပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံဒေသအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အစောဆုံးထိုးနှံနိုင်ခဲ့တဲ့ နိုင်ငံတစ်ခု ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ အာဆီယံ ၁၀ နိုင်ငံအတွင်း ကာကွယ်ဆေးအပြည့်ထိုးပြီးသူ ရာခိုင်နှုန်းမှာတော့ အနည်းဆုံးဖြစ်နေတာကို Vaccine Tracker အချက်အလက်တွေအရ တွေ့ရှိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်အပြည့် ထိုးနှံပြီးစီးသူ ၁၁.၈၅ သန်း (၁၁,၈၅၈,၅၉၈) ဦးနဲ့  ပထမအကြိမ်ထိုးနှံပြီးစီးသူ ၄.၉၉ သန်း (၄,၉၉၀,၅၇၄၇) ဦးရှိပြီလို့ သိရပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ လူဦးရေ ၅၅ သန်းရဲ့ ၂၁.၆ ရာခိုင်နှုန်းမှာ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံထားပြီး ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up