close

တရုတ်ဘက်ပိတ်မိကုန်စုံကားများကို ဂျူတီဆောင်ခွင့်မပေးသဖြင့် မြန်မာကုန်သည်များ အခက်ကြုံ

မြန်မာ - တရုတ် နယ်စပ် နှစ်နိုင်ငံ  ကုန်သွယ်ရေးဂိတ်ဖြစ်တဲ့ ကျင်းစန်းကျော့ဂိတ်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က တရားဝင် ဖွင့်လှစ်လိုက်ပြီဖြစ်ပေမယ့် တရုတ်ဘက် ပိတ်မိနေတဲ့ မြန်မာ ကုန်တင်ပြီးသား ကုန်စုံကားတွေကို တရုတ်ဘက်က ဂျူတီဆောင်ခွင့် မပေးတာကြောင့် အခက်အခဲ ဖြစ်နေတယ်လို့ သွင်းကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

"တရုတ်နိုင်ငံထဲမှာ ကုန်စုံကားတွေ ပိတ်မိနေတာ အစီး ၄၀၀ ကျော်လောက်ရှိတယ်။ အဲဒီ ကားတွေက ကုန်စုံကို ဂျူတီဆောင်ခွင့်မပေးတဲ့အတွက် အဲဒီကားတွေက ဒီနေ့ထိ မထွက်နိုင်ဘူး။ ပေါက်ကွမ်းလို့ ခေါ်တဲ့ တမျိုးတည်းကုန် ဘိလပ်မြေ၊ သံချောင်း၊ ဓာတ်မြေဩဇာ၊ ဆိုင်ကယ် အပိုပစ္စည်းအဲဒါမျိုးတွေကို ပေါက်ကွမ်းဆိုပြီး ပါဝါယူပြီးတော့ ထွက်ထွက်လာတယ်။"

မြန်မာနိုင်ငံက တနိုင်တပိုင် ကုန်သည်တွေ အပါအဝင် ကုန်သည်တွေစုပြီး တင်သွင်းတဲ့ ကုန်စုံကို မပေးတာ အခက်အခဲတခု ဖြစ်နေတယ်လို့ ဆိုပါတယ်။

"ကုန်သည်ပေါင်း ၁၇ ယောက်၊ ၁၈ ယောက်လောက်စုပြီးတော့ ဝယ်တဲ့ ပစ္စည်းကို ပေးမထွက်ဘူး ဆိုတော့ ဒါတော်တော်လေးကို အခြေအနေ မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ဘက် တအားနစ်နာနေတယ်။" 

တရုတ်ဘက်ခြမ်းမှာ ပိတ်မိနေတဲ့ ကုန်တင်ပြီးသားကား တရုတ်ကုန်သည်တွေ အများဆုံးထွက်တဲ့ ထွေစွေဆိုတဲ့ အခွန်အမ်း ဂျူတီဆောင် ပစ္စည်းမျိုး (ပေါက်ကွမ်း /တမျိုးတည်းကုန်)နဲ့  မြန်မာဂိတ်၊ မြန်မာကုန်သည်တွေ အများဆုံးသွားရတဲ့ ပျမ်းမျှင် ဆိုတဲ့ ရိုးရိုးနယ်စပ်ကုန်သွယ်ရေး ဂျူတီဆောင် ကုန်စုံပစ္စည်းဆိုပြီး ၂ မျိုး ရှိတယ်လို့ ပို့ကုန်သွင်းကုန် ကုန်သည် ၁ ဦးက ပြောပါတယ်။

"အချုပ်ပြောရရင် တရုတ်ဂိတ်၊ တရုတ်ကုန်သည်တွေရဲ့ ပစ္စည်းကို အဓိက ထုတ်ပေးတဲ့ သဘောမျိုး။" 

တရုတ်ဘက်က ထွက်လာတဲ့ မြန်မာဘက်အဝင် တမျိုးတည်းကုန်တွေကတော့ ဆိုင်ကယ်နဲ့ အပိုပစ္စည်းဖြစ်ပြီး ကုန်စုံကတော့ ပလတ်စတစ်၊ ခွက်၊ တစ်ရှူး၊ ကတ်ထူစက္ကူပုံး စတဲ့ လူသုံးကုန်တွေပါတယ်လို့  ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က တာဝန်ရှိသူ ၁ ဦးက ပြောပါတယ်။ 

နိုဝင်ဘာ ၂၆ ရက်နေ့ကစ ဒီဇင်ဘာ ၁ ရက်နေ့အထိ တရုတ်ဘက်ကနေ မြန်မာဘက်ကို ဝင်လာတဲ့ ကွန်တိန်နာ ပထမနေ့ ၅ လုံး၊ ဒုတိယနေ့ ၄ လုံး စုစုပေါင်း ၉ လုံး၊ ကားနဲ့က ၁၇ စီးရှိပြီး ၁၀၅ မိုင် ကနေ ဂျူတီဆောင်ပြီး ဆင်းသွားတာ ၆ စီးရှိပြီလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up