ရော်နယ်ဒိုအပါအဝင် အားလုံးနှင့်အံဝင်သည့်ကစားပုံ တည်ဆောက်ရမည်ဟု ရင်းနစ်ခ် ပြော

စီရော်နယ်ဒို အပါအဝင် ကစားသမားအားလုံးနဲ့ အံဝင်မယ့် ကစားပုံကို တည်ဆောက်သွားရမယ်လို့ မန်ယူနည်းပြသစ် ရင်းနစ်ခ်က ပြောပါတယ်။
ရင်းနစ်ခ်ဟာ ရာသီကုန်အထိ ၆ လစာချုပ်နဲ့ ယူနိုက်တက်ကို တာဝန်ယူသွားမှာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ကစားပုံနဲ့ အံဝင်ခွင်ကျဖြစ်ပါ့မလားဆိုတာကို ပရိသတ်တွေကစိုးရိမ်နေကြတာပါ။
ရင်းနစ်ခ်ဟာ သူကိုင်တွယ်ခဲ့တဲ့ ဂျာမန်ကလပ်တွေမှာ ခွန်အားအသုံးပြုပြီး ဖိအားပေးကစားရတဲ့ ကစားပုံကို အသုံးပြုခဲ့တာပါ။
နည်းပြတစ်ဦးအနေနဲ့ ကိုယ့်ကစားသမားတွေနဲ့ အံဝင်မယ့် ကစားကွက်ကိုပဲ အသုံးပြုရမှာဖြစ်ပြီး ရော်နယ်ဒိုတင်မဟုတ်ဘဲ အားလုံးနဲ့ အံဝင်မယ့် ကစားပုံ တည်ဆောက်သွားရမယ်လို့ ရင်းနစ်ခ်က ပြောပါတယ်။
“ရော်နယ်ဒိုက ထိပ်တန်းအဆင့် ပရော်ဖက်ရှင်နယ် ကစားသမားဖြစ်ပြီး အံ့အားသင့်စရာကောင်းတဲ့ သူပါ။ သူ့လိုအသက်အရွယ်မှာ သူ့လောက်ကြံ့ခိုင်မှုကောင်းတဲ့ ကစားသမား ကျနော် မတွေ့ ဖူးပါဘူး။ သူ့အတွက်တင်မဟုတ်ဘဲ တစ်သင်းလုံး ခြေစွမ်းတိုးတက်ဖို့ လုပ်ဆောင်ရမှာပါ” လို့ ရက်ဖ်ရင်းနစ်က အသင်းနဲ့ ပထမဆုံးအင်တာဗျူးမှာ ထည့်သွင်းပြောခဲ့ပါတယ်။
အသက် ၆၃ နှစ်ရှိ ဂျာမန်နည်းပြဟာ အသင်းနဲ့ပတ်သက်ပြီး နည်းပြဟောင်း ဆိုးလ်ရှားနဲ့လည်း အချိန် ၂ နာရီလောက် ဖုန်းဆက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။