close

မြန်မာတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၅၂၄,၀၀၀ ကျော်လာ၊ အိုမီခရွန် ကူးစက်ခံရသူ မရှိသေး

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၃၇၄ ယောက်နဲ့ ကူးစက်ခံရသူပေါင်း ၅၂၄,၀၀၀ ကျော်လာခဲ့ပြီဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဒီဇင် ဘာ ၄ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ  ၁၉,၅၀၀ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်  ၃၇၄ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း  ၁ ဒသမ ၉၂ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့  ၅၃၆  ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၈ ယောက်နဲ့ စုစုပေါင်းသေဆုံးသူအရေအတွက်ကတော့ ၁၉,၁၃၅  ယောက် ရှိနေပါတယ်။

ကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေနဲ့ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ကာကွယ်ဆေး ၁ ကြိမ်ထိုးနှံပြီးသူ ၄ ဒသမ ၉၉ သန်း၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၁ ဒသမ ၈၅ သန်းနဲ့ စုစုပေါင်း ၁၆ ဒသမ ၈၄ သန်းရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ဗီဇပြောင်း မျိုးကွဲ အိုမီခရွန် ကူးစက်ခံရတဲ့ ၃၈ နိုင်ငံမှာ ပျံ့နှံ့ကူးစက်နေပြီး အာဖရိကနိုင်ငံတွေ၊ ဉရောပနိုင်ငံတွေ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ စင်ကာပူ၊ အိန္ဒိယနဲ့ မလေးရှား စတဲ့နိုင်ငံတွေ ကူးစက်ခံနေရပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up