close

ပခုက္ကူနှင့်နတ်တလင်းမြို့တို့က လျှပ်စစ်ရုံး၊ စည်ပင်ရုံးများ ဗုံးခွဲတိုက်ခိုက်ခံရ

မကွေးတိုင်း၊ ပခုက္ကူမြို့က မြို့နယ်လျှပ်စစ်ရုံး၊ စည်ပင်သာယာရေးအဖွဲ့ရုံးနဲ့ ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့က မြို့နယ်လျှပ်စစ်ရုံးတွေ ဒီဇင်ဘာ ၅ ရက်က ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပြန်ကြားရေးတာဝန်ခံက “ပခုက္ကူမြို့နယ်မှာ စစ်ကောင်စီအတွက် ပြည်သူတွေဆီကနေ အခွန်တွေကို အတင်းအဓမ္မကောက်ခံနေတဲ့ မြို့နယ်လျှပ်စစ်ရုံးနဲ့ စည်ပင်သာယာရေးအဖွဲ့ရုံးတွေကို ဒီဇင်ဘာ ၅ ရက်နေ့ နေ့လယ် ၁ နာရီ လောက်မှာ တချိန်တည်း ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ” လို့ အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက မကွေးတိုင်း၊ ချောက်မြို့နယ်၊ စည်ပင်သာယာရေးအဖွဲ့ကလည်း ရေမီတာခမပေးဆောင်တဲ့ ပြည်သူတွေရဲ့ ရေပိုက်လိုင်းတွေကို ဖြတ်တောက်ပြီး ရေမီတာတွေ ဖြုတ်သိမ်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကြည့်မြင့်တိုင်ဖြစ်စဉ်ကို လက်တုံ့ပြန်တဲ့အနေနဲ့ကော လျှပ်စစ်ရုံးက ကောင်တွေက စစ်သားတွေခေါ်လာပြီး မြို့နယ်ထဲက မီတာခမဆောင်တဲ့ ပြည်သူတွေကို မီးလိုက်ဖြတ်နေတာတွေ လုပ်နေတဲ့အတွက် ညနေ ၆ နာရီခွဲဝန်းကျင်လောက်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာပါ” လို့ နတ်တလင်းမြို့၊ နတ်စစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံက ပြောပါတယ်။

အဆိုပါ ဗုံးခွဲတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ အသေးစိတ်သိရှိနိုင်ဖို့ ဗုံးခွဲခံရတဲ့ရုံးတွေကို ဆက်သွယ်မေးမြန်းရာမှာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိတဲ့အတွက် ထိခိုက်ပျက်စီးမှုအခြေအနေတွေကို ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up