close

မုံရွာ၊ ရေးနှင့် ပခုက္ကူမြို့တို့တွင် စစ်ကောင်စီသတင်းပေးအချို့ ပစ်သတ်ခံရ

မုံရွာ၊ ရေးမြို့နဲ့ ပခုက္ကူမြို့တို့မှာ စစ်ကောင်စီအား သတင်းပေးဆိုပြီး နာမည်ထွက်နေသူ ၄ ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်နေ အမျိုးသမီးတစ်ဦး နိုဝင်ဘာ ၄ ရက်နေ့ နေ့လယ် ၁ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

“သူက စစ်တပ်ထောက်လှမ်းရေးအမျိုးသမီး တစ်ဦးဗျ။ ဒါကြောင့်မို့ ကျနော်တို့ အဖွဲ့မဟာမိတ်အဖွဲ့တွေနဲ့ပေါင်းပြီး ‌သေနတ်နဲ့ ၃ ချက်ပစ်ခတ် လုပ်ကြံခဲ့တာ” လို့ PDF-South Monywa တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဆိုပါသေဆုံးသွားတဲ့ အမျိုးသမီး ဒေါ်ကေသွယ်ခိုင်ဟာ စစ်တပ်အသိုင်းအဝန်းကဖြစ်တယ်လို့ ဒေသခံတွေဆီက  သိရပါတယ်။

မွန်ပြည်နယ်  ရေးမြို့ ရွှေတောင်ကြားဟိုတယ်အနီးမှာလည်း နိုဝင်ဘာ ၄ ရက်နေ့ မနက် ၉ နာရီလောက်က အမျိုးသား ၁ ဦး သေနတ်နဲ့ ၅ ချက် ပစ်ခတ်ခံရတယ်လို့  မြို့ခံတဦးက ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရသူမှာ  ဦးဇော်ဝင်း ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်တပ်၊  ရဲတွေနဲ့ နီးစပ်တဲ့သူ ဖြစ်တာကြောင့် အခုလို ပစ်ခတ်ခံရတာ ဖြစ်နိုင်တယ်လို့  မြို့ခံတဦးက ပြောပါတယ်။

သေနတ်ပစ်ခတ်ခံရသူမှာ မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံသို့ အရေးပေါ် သွားနေစဉ် လမ်းမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်နေပေမဲ့ အတည်မပြုနိုင်သေးပါဘူး။

သေနတ်ပစ်ခတ် ဖြစ်စဉ်နဲ့ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတာကို ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပါဘူး။

ပခုက္ကူမြို့နယ် မြစ်ခြေမြို့က အကြမ်းဖက် စစ်ကောင်စီသတင်းပေး အကြီးစားဒလန်  ဦးမြင့်ဝင်းနဲ့ ဇနီးတို့  ပခုက္ကူ-ဆိပ်ဖြူ သွားတဲ့ ကားလမ်းပေါ်မှာ နိုဝင်ဘာ ၃ ရက် နေ့လယ် ၂ နာရီခွဲအချိန်လောက်က အသတ်ခံရတယ်လို့ သိရပါတယ်။

ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF (Pakokku) ပြန်ကြားရေးနဲ့ ပြင်ပဆက်ဆံရေး တာဝန်ခံက “ဒီလူကြောင့် မြစ်ခြေနယ်က လူတွေ အတော်ဒုက္ခရောက်ခဲ့တယ်၊ ဆန္ဒပြလည်း အဖမ်းခံရတာပဲ။ တော်လှန်ရေးအဖွဲ့လေးတွေ ကျေးရွာတွေမှာရှိလည်း သူသတင်းပေးလို့အဖမ်းခံရတာပဲ။ စစ်ကြောရေးမှာ သေတဲ့ လူငယ်ကလေးတွေတောင်ရှိခဲ့တယ်။ နေ့လယ်လောက်က အသတ်ခံရတာ၊ သေနတ်သံကြားလိုက်ပြီး သေတယ်လို့ ကြားတာ။ ကားလမ်းပေါ်မှာ လူနှစ်ဦးလဲကျပြီး လင်မယား နှစ်ယောက်လုံး သေနေတာ၊ သူတို့ သတ်ခံရပြီး မကြာဘူး စစ်သားတွေ နဲ့ရဲတွေရောက်လာပြီးတော့ ကားနဲ့လှည့်တာတွေ စစ်ဆေးရေးလုပ်တာတွေ လုပ်နေတယ်” လို့ မြစ်ခြေ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ပခုက္ကူမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက် စစ်တပ်နဲ့ ဆက်လက်ပူးပေါင်း သတင်းပေးနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး၊ သတင်းပေးဒလန်တွေအနေနဲ့ ပြည်သူနဲ့တစ်သားတည်း ရပ်တည်ပေးဖို့ အတွက်  PDF( Pakokku) တိုက်တွန်းထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up