နေတိုးစစ်အင်အားတိုးချဲ့မလာစေရေး အနောက်နိုင်ငံများနှင့် ရုရှားသမ္မတ ဆွေးနွေးလို

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (နေတိုး)က စစ်အင်အားကို ဥရောပအရှေ့ပိုင်းဆီ တိုးချဲ့ မလာဖို့ အာမခံချက်ရရှိရေးအတွက် အနောက်နိုင်ငံတွေနဲ့ ဆွေးနွေးလိုကြောင်း ရုရှားသမ္မတ ဗလာဒီမီယာပူတင်က ပြောတယ်လို့ ရိုက်တာသတင်းမှာ ဒီဇင်ဘာ ၄ ရက်က ဖော်ပြပါတယ်။
နေတိုးရဲ့ လုပ်ရပ်တွေကို တုံ့ပြန်ဖို့ ရုရှားအစိုးရမှာ လုံလောက်တဲ့ စစ်ရေးနဲ့ နည်းပညာဆိုင်ရာ အရေးယူဆောင်ရွက်ချက်တွေ လုပ်ထားပြီးပြီလို့လည်း ပူတင်က ပြောပါတယ်။
နေတိုးရဲ့ အခြေခံအဆောက်အအုံတွေ ရုရှားနယ်စပ်နားကို ဘယ်လောက်ထိ နီးနီး ရောက်လာပြီလဲ၊ အနောက်ဘက် နယ်စပ်တွေကို ပိုတိုး ခြိမ်းခြောက်လာနေတဲ့ကိစ္စကို ထပ်ခါတလဲ ပြောခဲ့ပြီးပြီလို့လည်း ပူတင်က ပြောပါတယ်။
အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတွေစဖို့ အဆိုပြုပြီးကြောင်း၊ သူတို့ရဲ့ အနောက်တိုင်း လုပ်ဖော် ကိုင်ဖက်တွေက သူတို့ ပေးထားတဲ့ နှုတ်ကတိကို မဖြည့်ဆည်းကြလို့ တရားဝင် ဥပဒေအရ အာမခံချက်ကို လိုအပ်ကြောင်း၊ နေတိုးဟာ အရှေ့ဘက်ကို တိုးချဲ့မလာဖို့ စာနဲ့ ကတိပေးခဲ့ပေမဲ့ ပြောင်းပြန် လုပ်တာဟာ ရုရှားရဲ့ စိုးရိမ်မှုတွေကို လျစ်လျူရှုခံနေရကြောင်း ပူတင်က ပြောပါတယ်။