၂၀၂၂ ပေကျင်းဆောင်းရာသီအိုလံပစ်ပွဲတော် အမေရိကန်အစိုးရအရာရှိများ မတက်

၂၀၂၂ ပေကျင်းမြို့မှာကျင်းပမယ့် အိုလံပစ်ပွဲတော်နဲ့ မသန်စွမ်းသူများပါဝင်တဲ့ ပါရာလင်းပစ် အားကစားပွဲတွေ (Paralympic Games) ဆီကို အမေရိကန်အရာရှိကိုယ်စားလှယ်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျန်ဆာကီ (JEN PSAKI) က သတင်းထောက်တွေကို အတည်ပြုပြောပါတယ်။
ရှန်ကျန်းဒေသအတွင်းမှာ တရုတ်အစိုးရရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ တခြား လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ ဆက်ရှိနေတာကြောင့် သမ္မတ ဘိုင်ဒင်အစိုးရက ပေကျင်းအိုလံပစ်ပွဲတော်ကို အမေရိကန်သံတမန်တွေ၊ အရာရှိကိုယ်စားလှယ်တွေ ဘယ်သူ့ကိုမှ စေလွှတ်မှာ မဟုတ်ပါဘူးလို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
“တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်ရပ်တွေရှိနေတာကြောင့် အမေရိကန်သံတမန် တွေ ဒါမှ မဟုတ် အရာရှိကိုယ်စားလှယ်တွေက အဲဒီအားကစားပွဲတွေကို ပုံမှန်အတိုင်း သဘောထားဆက်ဆံသွားမှာ မဟုတ်ပါဘူး။ သမ္မတဘိုင်ဒင်က တရုတ်သမ္မတရှီကျင့်ဖျင်ကို ပြောဖူးခဲ့သလိုပါပဲ.. လူ့အခွင့်အရေးအပေါ် ရပ်တည်ချက်ဟာ အမေရိကန်တွေရဲ့ ပင်ကိုယ်ဗီဇ DNA ဖြစ်တယ်။”
အဲဒီထုတ်ပြန်ချက်အပေါ် ဝါရှင်တန်မြို့ရှိ တရုတ်သံရုံးက ဘာမှမှတ်ချက်ပေး ပြောကြားခြင်း မရှိသေးပါဘူး။