ကမ္ဘာတဝန်းရှိ ဂျာနယ်လစ်များအတွက် ရန်ပုံငွေသစ်ထူထောင်ရန် သမ္မတဂျိုးဘိုင်ဒင် ကတိပြု

နိုင်ငံပေါင်း ၁၁၀ တက်ရောက်တဲ့ ဒီမိုကရေစီထိပ်သီးအစည်းအဝေးဖွင့်ပွဲမှာ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ကမ္ဘာတဝန်းက ဂျာနယ်လစ်တွေအတွက် ရန်ပုံငွေအသစ်အစီအစဉ်နဲ့ ပံ့ပိုးကူညီသွားမယ်လို့ ကတိပေးလိုက်တယ်။
ကမ္ဘာတဝန်း ဒီမိုကရေစီ ကျယ်ပြန့်ထွန်းကားရေးအတွက် သမ္မတ ဘိုင်ဒင်ရဲ့ အစီအစဉ်တခုဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတွေအား သီးသန့်ဖိတ်ကြားတဲ့ အွန်လိုင်းထိပ်သီးအစည်းအဝေးကို ဒီဇင်ဘာ ၉ ရက်နဲ့ ၁၀ ရက်၊ ၂ ရက်တာ ကျင်းပရာမှာ သမ္မတက ပြောသွားတာပါ။
သတင်းလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီအတွက် အလွန်အရေးကြီးကြောင်းလည်း အဲဒီအခမ်းအနားမှာ သမ္မတဘိုင်ဒင်က ပြောပါတယ်။
ကမ္ဘာတဝန်းမှာ လွတ်လပ်တဲ့မီဒီယာ ရှင်သန်အားကောင်းရေး၊ အများပြည်သူ အကျိုးစီးပွားကို ရှေးရှုတဲ့ မီဒီယာ အရှည်တည်တံ့ရေးတို့အတွက် အမေရိကန်အကူအညီ USAID ကတဆင့် ရန်ပုံငွေ ထောက်ပံ့ပေးသွားမယ်လို့ သမ္မတ ဘိုင်ဒင်က ပြောပါတယ်။
“အခုအချိန်ဟာ ကမ္ဘာကြီးအတွက် အခြေခံကျကျ ဆုံးဖြတ်ရတော့မှာပါ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ နောက်ပြန်လျှောကျပြီး အာဏာရှင်တွေအောက်မှာ နေကြမလား၊ ဒါမှမဟုတ် လူသားတွေရဲ့ တိုးတက်မှု လွတ်လပ်မှု ရှေ့ခရီးကို အတူတကွ သတ္တိရှိရှိ ချီတက်ကြမလား၊ ဆုံးဖြတ်ကြရမယ့်ကာလ ဖြစ်ပါတယ်” လို့ သမ္မတ ဘိုင်ဒင်က ဆိုပါတယ်။
ဘိုင်ဒင်က ကမ္ဘာတဝန်း ပြည်သူတွေကို အကျိုးပြုနေတဲ့ လွတ်လပ်တဲ့မီဒီယာတွေကို ထိန်းထားနိုင်ဖို့ နိုင်ငံတကာရန်ပုံငွေတခု အရေးပေါ်ထူထောင်ဖို့ USAID ကတဆင့် ကတိကဝတ်ပြုပါတယ်။
ဒေသအသီးသီးမှာ သက်စွန့်ဆံဖျားလုပ်နေကြတဲ့ ဂျာနယ်လစ်တွေကို အကာအကွယ်ပေးဖို့ ဒီရန်ပုံငွေသစ်ကို ထူထောင်တာလို့ ပြောသွားပါတယ်။
တကမ္ဘာလုံးမှာ ဒီမိုကရေစီစနစ် အားနည်းလာနေတာ၊ အခွင့်အရေးနဲ့ လွတ်လပ်မှုတွေ ယိုယွင်း လာနေတာတွေကို ရပ်တန့်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဒီမိုကရေစီထိပ်သီး အစည်းအဝေးတက်ဖို့ အမေရိကန်နိုင်ငံခြားရေးဌာနက ဖိတ်ကြားတဲ့စာရင်းမှာ နိုင်ငံပေါင်း ၁၁၀ ပါဝင်ပြီး တရုတ်၊ ရုရှား၊ မပါဝင်ပါဘူး။
အာဆီယံဒေသတွင်းက မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ ဘရူနိုင်း၊ လာအိုနဲ့ ကမ္ဘောဒီယား နိုင်ငံတွေကိုလည်း မဖိတ်ဘဲ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ အရှေ့တီမော ၄ နိုင်ငံကိုသာ ဖိတ်ကြားထားပါတယ်။