သံလွင်မြစ်အတွင်း ထိုင်း လှေ ၃ စင်းကို မြန်မာစစ်တပ်က ပစ်ခတ်

ထိုင်းမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင်၊ မဲ့စရိန်းမြို့နယ်ထဲက ထိုင်းအရပ်သားပိုင်လှေ ၃ စင်းကို မြန်မာစစ်တပ်ဘက်က ပစ်ခတ်ခဲ့တယ်လို့ Transborder News ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါလှေ ၃ စီးဟာ ဒီဇင်ဘာလ ၁၀ ရက် မနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ထဲ ခုတ်မောင်းသွားစဉ် မဲ့ယုမ်းအုပ်စု ထာ့တာဖန်ကျေးရွာနဲ့ မျက်နှာချင်းဆိုင် တာက ဝင်းဆိပ်မှာရှိတဲ့ မြန်မာစစ်တပ်ဘက်က ပစ်လိုက်တာလို့ အပစ်ခံရတဲ့ လှေသမားတွေက သတင်းထောက်ကို ပြောပါတယ်။
ပထမဆုံးအပစ်ခံရတဲ့လှေဟာ မနက် ၉ နာရီလောက်မှာဖြစ်ပြီး ကျည်ဆန်ကသူ့စက်လှေရဲ့ ဂီယာအနီးကို ထိသွားကြောင်း၊ သူကတော့ လန့်ဖြတ်ပြီးရေထဲခုန်ချခဲ့တာမှာ ပိုက်ဆံအိတ်နဲ့ တယ်လီဖုံးလည်းရေထဲကျပျောက်သွားကြောင်း၊ အိတ်ထဲမှာ သူများမှာလိုက်တဲ့ပစ္စည်းတွေ ဝယ်ဖို့ ထိုင်းဘတ်ငွေ သောင်းဂဏန်းပါသွားတယ်လို့ ဆိုပါတယ်။
ဒုတိယလှေပေါ်မှာတော့ ခရီးသည်တွေပါလိုက်ပါလာပြီး လူနဲ့လှေထိခိုက်မှုတော့ မရှိကြောင်း တတိယလှေကတော့ ဓာတ်ဆီပုံးကိုထိသွားပြီး ကံကောင်းလို့ပေါက်ကွဲမှုမဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။
အဆိုပါလှေတွေဟာ မဲ့ဆမ်လက်မှာ ကုန်ပစ္စည်းတွေသွားဝယ်ဖို့ ဖြတ်လာတာလို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ထဲမှာ မြန်မာစစ်တပ်ဘက်ကနေ လှေတွေဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပြီး ပြန်ခွင့်ပြုတာမကြာသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ထိုင်းဘက်ကမ်း မဲ့ဆမ်လက်ပ်ဆိပ်ကနေ ကရင်ပြည်နယ် မဲ့နိထာဘက်ကို ကုန်ပစ္စည်းသွားပို့မယ့် လှေတစ်စင်းကို ကျောက်ယာကုတိုးဆိပ်မှာစောင့်နေတဲ့ မြန်မာစစ်တပ်က ပစ်ခတ်ခဲ့ပါသေးတယ်။
အဆိုပါဖြစ်ရပ်ကြောင့် အနီးနားတဝိုက်ရွာသားတွေ ထိတ်လန့်ကြောက်ရွံ့နေကြပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက်ကမ်းက တာဝန်ရှိသူတွေ ဘယ်လိုဖြေရှင်းသလဲဆိုတာတော့ မသိရသေးပါဘူး။
ကိုးကား-Transborder News