close

တောင်တွင်းကြီးမြို့နယ်ပညာရေးမှူးရုံးက ဝန်ထမ်းအချို့ ရုံးချိန်အတွင်း ရိုက်နှက်ဖမ်းဆီးခံရ

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့၊ မြို့နယ်ပညာရေးမှူးရုံးမှာ ရုံးတက်နေတဲ့ဝန်ထမ်းတွေကို ရုံးချိန်အတွင်း ဒီဇင်ဘာ ၁၃ ရက်နေ့၊ မနက် ၁၀ နာရီခွဲဝန်းကျင်လောက် စစ်ကောင်စီတပ်သားတွေက လူမဆန်စွာရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပညာရေးမှူးရုံးဝန်ထမ်းတဦးက “မနက် ၁၀ နာရီခွဲလောက် ရုံးတက်နေချိန် ရုံးထဲကို စစ်သားတွေဝင်လာပြီး စာရေးအဆင့် ကိုသန်းဇော် နဲ့ အောင်အောင် တို့ကို ရိုက်နှက်ဖမ်းဆီးသွားပြီး သိပ်မကြာဘူး ထပ်ရောက်လာပြီး စာရေးအဆင့် ဦးမိုးဆန်း နဲ့ နောက်တယောက်ကို ရိုက်နှက်ပြီးဖမ်းသွားပြန်တယ်။ အခြားအောက်ခြေဝန်ထမ်းတွေလည်း ပါသွားတယ်” လို့ ပြောပါတယ်။

တောင်တွင်းကြီးမြို့နယ်ပညာရေးမှူးရုံးက မြို့နယ်ပညာရေးမှူးနဲ့ လက်ထောက်မြို့နယ်ပညာရေးမှူးတွေမပါဘဲ  အောက်ခြေအဆင့်ဝန်ထမ်းတွေကို မြို့နယ်ခန်းမစစ်ကြောရေးဆီ ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ သိရပါတယ်။

“မြို့နယ်ပညာရေးမှူးရုံးနဲ့ အခြေခံပညာကျောင်းတွေမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တို့ရဲ့ဓာတ်ပုံတွေ ချိတ်ဆွဲထားခြင်းမရှိကြောင်း မြို့နယ်ပညာရေးမှူးက လက်မှတ်ထိုးပြီး ဒီဇင်ဘာ ၈ ရက်နေ့က ခရိုင်ပညာရေးမှူးရုံးကို ပြန်ပို့ထားတဲ့ စာရွက်ဓာတ်ပုံ အပြင်ကိုပြန့်လို့ ဆရာမကြီးက စစ်ကောင်စီကို တိုင်လို့ ဖမ်းဆီးစစ်ဆေးတာဖြစ်နိုင်တယ်'' လို့ တောင်တွင်းကြီးမြို့နယ်ပညာရေးမှူးရုံး လက်ထောက်ပညာရေးတဦးက ပြောပါတယ်။

တောင်တွင်းကြီးမြို့၊ ရွှေအိုး ၁ ရပ်ကွက်မှာနေထိုင်တဲ့ မြို့နယ်ပညာရေးမှူးရဲ့ ဖိအားပေးမှုတွေကြောင့် မြို့နယ်ပညာရေးမှူးရုံးကဝန်ထမ်းတွေဟာ အာဏာဖီဆန်ရေး CDM မှာ ပါဝင်သူ မရှိသလောက်နည်းပါးတယ်လို့ သိရပါတယ်။

မြို့နယ်ပညာရေးမှူးရဲ့ ဆွေမျိုးတစ်ဦးက ''ဆရာမကြီးက တောင်တွင်းကြီးမြို့၊ အထက ၁ (တောင်ကျောင်းကြီး) ကျောင်းအုပ်ဘဝကနေ စစ်တပ်ကသူ့ကို ကိုယ့်မြို့မှာပဲ မြို့နယ်ပညာရေးမှူးရာထူးအဆင့်တိုးပြီးပြန်ပေးတော့လေ သူကစစ်တပ်ကို အရမ်းကျေးဇူးတင်နေတာ။ စစ်ကောင်စီက ခိုင်းတာဘာမဆိုလုပ်တယ်။ မြို့နယ်ပညာရေးမှူးတာဝန်ကို အသက်ပေးပြီးတော့ ဆက်လုပ်မယ်လို့ပြောတာပဲ” လို့ ပြောပါတယ်။

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာရှိတဲ့ စာသင်ကျောင်းတွေမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တို့ရဲ့ဓာတ်ပုံတွေဖြုတ်ချဖို့ မြို့နယ်ပညာရေးမှူးက ညွှန်ကြားထားတာလို့ တောင်တွင်းကြီးမြို့၊ ပညာရေးအသိုင်းအဝိုင်းကဆီကသိရပါတယ်။

တောင်တွင်းကြီးမြို့နယ်မှာ ပညာရေးဝန်ထမ်း ၂၅၀၀ ကျော်ရှိခဲ့ပြီး အာဏာဖီဆန် CDM မှာပါဝင်လို့ အကြမ်းဖက်စစ်ကောင်စီကနေ တာဝန်ကနေရပ်စဲခြင်းခံရတဲ့ ပညာရေးဝန်ထမ်းပေါင်း ၅၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up