အိုဆာကာမြို့ရှိ ဈေးဆိုင်များရှိရာအဆောက်အုံ မီးလောင်သဖြင့် ၂၇ ဦးထက်မနည်းသေဆုံး

ဂျပန်နိုင်ငံအနောက်ပိုင်း အိုဆာကာမြို့ရှိ စျေးဝယ်ရပ်ကွက်တစ်ခုမှာ ဒီဇင်ဘာ ၁၇ ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၂၇ ဦးထက်မနည်း သေဆုံးသွားခဲ့တယ်လို့ NHK သတင်းမှာ ဖော်ပြထားပါတယ်။
အိုဆာကာမြို့လယ်ရှိ ဘူတာရုံအနီးရှိ လူစည်ကားတဲ့ စီးပွားရေးလုပ်ငန်းနေရာတခုမှာရှိတဲ့ ရှစ်ထပ် အဆောက်အအုံရဲ့ စတုတ္ထထပ်မှာ မီးလောင်ခဲ့ပြီး အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲ့က ပြောကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ကျိုဒိုသတင်းက ဖော်ပြပါတယ်။
မီးလောင်မှုကြောင့် လူ ၂၈ ဦး ထိခိုက်ခဲ့ပြီး သူတို့ထဲက ၂၇ ဦးဟာ နှလုံးရပ်ကာ သေဆုံးခဲ့ကြောင်း၊ အနည်းဆုံး လူ ၂၃ ဦးကို နီးစပ်ရာ ဆေးရုံတွေဆီ ပို့ဆောင်ထားတယ်လို့ အိုဆာကာမြို့ မီးသတ်ဌာနတာဝန်ရှိသူ အကိရ ကိရှိမိုတိုက ပြောပါတယ်။
ဒေသစံတော်ချိန် မနက် ၁၀ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ မီးလောင်ကျွမ်းမှုဟာ နာရီဝက်အတွင်း မီးငြိမ်းသွားခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနကို တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အဲ့ဒီအထပ်မြင့် အဆောက်အအုံရဲ့ စတုတ္ထထပ်မှာ စိတ်ရောဂါဆေးခန်း၊ အလှပြင်ဆိုင်၊ အဝတ်စတိုးဆိုင်တွေ ဖွင့်ထားပြီး ကျန်အထပ်တွေမှာ အင်္ဂလိပ်ဘာသာကျောင်းအထိ စီးပွားရေးလုပ်ငန်းမျိုးစုံကို ဆောက်လုပ်ထားတာပါ။
ဂျပန်နိုင်ငံမှာ တိုကျိုမြို့တော်ပြီးရင် အကြီးဆုံးဖြစ်တဲ့ အိုဆာကာမြို့ကြီးမှာ တင်းကျပ်တဲ့ အဆောက်အအုံစံနှုန်းတွေ ရှိတာကြောင့် လူအသေအပျောက်များတဲ့ အခုမီးလောင်မှုဟာ ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပါဘူး။