close

ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီ ရေယာဉ်များ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲမှာ  PDF ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့  စစ်ကောင်စီတပ်ရဲ့ ကျောက်စိမ်းတင်  ရေယာဉ်တွေကို ရေမြှုပ်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အသေအပျောက်ရှိနိုင်ပြီး PDF တယောက် ကျဆုံးသွားတယ်လို့  ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မနေ့က နေ့လယ် ၂ နာရီလောက်မှာ ချင်းတွင်းမြစ်ကြောင်း၊ ကနီမြို့နယ်ထဲမှာ Chindwin Galone Yarzar Guerrilla Defense Force  ပြောက်ကျားတပ်ဖွဲ့နဲ့ Chindwin G Z၊ မိုးသောက်ကြယ်၊ One Star Task Force - OSTF၊ Triple Two၊ MTOF တို့ မဟာမိတ်အဖွဲ့တွေပူးပေါင်း တိုက်ခိုက်ခဲ့တာပါ။

“ကုန်းကြောင်း ရေကြောင်း ခွဲလာတယ်။ အစောပိုင်းရက်တွေက လေယာဉ်တွေနဲ့ ဝဲတယ်။ မပစ်သွားဘူး။ ပြီးတော့ ရေကြောင်းက ဆင်းလာချိန် ကုန်းကြောင်းဘက်ကလည်း လာတယ်။ ရေကြောင်းမှာတော့ ဒီဘက်က လက်နက်ကြီး အဓိက သုံးပါတယ်။ မိုင်းလည်းခွဲတယ်။ ကုန်းကြောင်းမှာ‌တော့ လက်နက်ငယ် သုံးတယ်။ ဖလပ်(သင်္ဘောတွေဘေးက ကာပစ်ပေးတဲ့ မော်တော်လေးတွေ) ပေါ်က လည်း သေတယ်။ သေတာတော့ များတယ်။ အတိအကျ မသိရသေးဘူး” လို့ One Star Task Force ရဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ကုန်းလမ်းမှာ မိုင်းတွေ တောက်လျှောက်ခွဲခံနေရလို့ ရေကြောင်းလမ်း ကိုလည်း အသုံးပြုလာပြီး အခုတလောမှာတော့ ရေကြောင်းကနေ ကျောက်စိမ်းတွေ တင်လာတယ်လို့ သတင်းတွေထွက်နေတာပါ။

မနေ့က ကနီနယ်ထဲက တိုက်ပွဲမှာ စစ်ကောင်စီ သင်္ဘောနဲ့ မော်တော် ၂ စီးထိခိုက်ခဲ့ပြီး တချို့ကတော့ နောက်ကြောင်းပြန်လှည့်သွားတယ်လို့ သိရပါတယ်။ မြစ်ကြောင်းထဲ စုန်ဆင်းလာတဲ့ သင်္ဘောတွေကို ကမ်းပေါ်ကနေ လက်နက်တွေနဲ့ ပစ်ခတ်ကြသလို ရေမြှုပ်မိုင်းပဒေသာနဲ့ ဖောက်ခွဲ တိုက်ခိုက်တာကိုလည်း တိုက်ပွဲမှတ်တမ်းမှာ တွေ့ရပါတယ်။

၂ နာရီကြာလောက် အပြန်အလှန်ပစ်ခတ်ခဲ့ကြတာမှာ ပြည်သူ့ကာကွယ်ရေးတပ်သားတယောက် ကျဆုံးခဲ့ပြီး လက်နက်ကြီးကျည်တွေကြားကနေ ကယ်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို ကနီဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေလည်း ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ကုန်းကြောင်းတိုက်ပွဲတွေလည်း ဖြစ်ခဲ့ပေမဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတာကြောင့် ကုန်းကြောင်းတိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

မနေ့က ဆားလင်းကြီးနယ်ထဲမှာ ကုန်းကြောင်းလမ်းအတိုင်းလာတဲ့ စစ်ကောင်စီတပ်သားတွေကို တကိုယ်တော် သုဘရာဇာက မိုင်းခွဲတိုက်ခိုက်လို့ ၁၀ ယောက်လောက် သေဆုံးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အင်ကြင်းတောင်လမ်းခွဲနား တည်ပင်ကန်ရွာနားမှာ မနက်အစောပိုင်းက ကား ၈ စီး၊ ခြေကျင်တက်လာတဲ့ စစ်ကောင်စီတပ်သား ၂၀ လောက်ကို မိုင်းခွဲခဲ့တာပါ။

“သူက တကိုယ်တော်ပဲ လုပ်တာ။ တွေ့တဲ့အဖွဲ့နဲ့လည်း ပေါင်းလုပ်တယ်။ ခြေကျင်လာတဲ့ ၂၀ လောက်က တောနင်းလာတယ်။ တည်ပင်ကန်ကနေ ထွက်လာပြီး မိုင်းလာဖြုတ်တာကို ခွဲလိုက်တာ။ ၁၀ ကောင်လောက် လေပေါ်မြောက်တက်သွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ လက်လုပ်လက်နက်တွေနဲ့ပဲ တိုက်ခိုက်နေကြရတာဖြစ်ပြီး လက်နက်အစစ်တွေ လိုအပ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up