စစ်ကောင်စီကို ပြင်းပြင်းထန်ထန် အရေးယူရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ တောင်းဆို

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေအနေနဲ့ စစ်ကောင်စီကို ပြင်းထန်တဲ့ ကန့်သတ်အရေးယူမှုတွေပြုလုပ်ဖို့ ကရင်နီ၊ ကိုးကန့်၊ တအာင်းနဲ့ ရခိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တောင်းဆိုလိုက်ပါတယ်။
ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီး တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒေသခံ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အပါအဝင် လူပေါင်း ၃၅ ယောက်ကို စစ်ကောင်စီတပ်မ ၆၆ လက်အောက်ခံ ခမရ (၁၀၈) က မီးရှို့သတ်ဖြတ်တာနဲ့ပတ်သက်ပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က အခုလို ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖမ်းဆီးခံပြည်သူတွေကို လွှတ်ပေးဖို့ သွားရောက်ညှိနှိုင်းဆွေးနွေးဖို့ ကြိုးပမ်းခဲ့တဲ့ နယ်ခြားစောင့်တပ်သား ၄ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ကာ ဦးခေါင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ်မှာ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းလည်း ထုတ်ပြန်ပါတယ်။
အလားတူ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေဖြစ်တဲ့ NMDAA၊ PSLF နဲ့ AA တပ်ဖွဲ့တွေကလည်း ခရစ္စမတ်အကြိုနေ့ လူမဆန်စွာ ဖမ်းဆီးနှိပ်စက်ပြီး ရက်ရက်စက်စက် အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရကြောင်းထုတ်ပြန်ပါတယ်။
ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ကမ္ဘာ့နိုင်ငံကြီးတွေအနေနဲ့ စစ်ကောင်စီ ကျူးလွန်ထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်တာတွေကို အမြန်ဆုံး ထိရောက်စွာ အရေးယူပေးဖို့လည်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်တောင်းဆိုထားပါတယ်။