မန်စီးတီးပွဲအပြီး ၂ ရက်ခြား လီဗာပူးနှင့် ကစားရမည့်အပေါ် လက်စတာနည်းပြ ဝေဖန်

မန်စီးတီးနဲ့ ကစားအပြီးမှာ ၂ ရက်သာခြားပြီး လီဗာပူးနဲ့ ဆက်ကစားရမယ့်အပေါ် လက်စတာနည်းပြ ဘရန်ဒန်ရော်ဂျာက ဝေဖန်လိုက်ပါတယ်။
လက်စတာအသင်းဟာ ဒီဇင်ဘာ ၂၆ ရက်က မန်စီးတီးနဲ့ အဝေးကွင်းမှာ ၆ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး နောက်ထပ် ၅၁ နာရီအကြာမှာ လီဗာာပူးနဲ့ဆက်ကစားရမှာပါ။
အဲဒီလို ၂ ရက်နဲ့ ၃ နာရီသာခြားပြီး ကစားရမယ့်ပွဲစဉ်ဇယား ရေးဆွဲမှုအပေါ်မှာ နည်းပြရော်ဂျာက မကျေမနပ်ဖြစ်နေတာပါ။
“ပွဲစဉ်ဇယားရေးဆွဲမှုက အဓိပ္ပာယ်မရှိပါဘူး။ ပွဲစဉ်တပွဲအပြီး ၇၂ နာရီခြား ကစားရရင်တောင် ကစားသမားတွေအတွက် အပြည့်အဝပြန်လည်ကောင်းမွန်လာတာ မဟုတ်ပါဘူး။ မန်စီးတီးနဲ့ပွဲအပြီး လီဗာပူးနဲ့ ဆက်ကစားရမယ်ဆိုတော့ ဒါကလက်ခံနိုင်စရာမရှိပါဘူး” လို့ နည်းပြရော်ဂျာက ဝေဖန်ခဲ့ပါတယ်။
ဒါ့အပြင် မန်စီးတီးက နားရက်ပိုရခဲ့သလို လီဗာပူးကလည်း ပွဲရွှေ့ဆိုင်းထားခဲ့တာကြောင့် နားရက်ပိုရနေတာက ကြီးမားတဲ့စိန်ခေါ်မှုဖြစ်ပြီး မျှတမှုမရှိဘူးလို့ ရော်ဂျာက ဆိုတယ်။