close

တရားစွဲခံထားရသည့် ရခိုင်လူငယ် ၂ ဦးကို ငွေဒဏ်အမိန့်ချပြီး ခံဝန်ဖြင့်ပြန်လွှတ်

အင်တာနက် ဖြန်ဖွင့်ပေးဖို့ ကမ်ပိန်းပြုလုပ်တာကြောင့် ငြိမ်းစုစီပုဒ်မ- ၁၉ နဲ့ တရားစွဲဆိုခံနေရတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က ကိုနေစိုးနဲ့ ကိုမင်းဇအောင်တို့ကို ၁ နှစ်ခွဲအကြာမှာ မြို့နယ်တရားရုံးက ငွေဒဏ်ချမှတ်ပြီး ခံဝန်နဲ့ပြန်လွှတ်လိုက်တယ်လို့ သိရပါတယ်။

အဆိုပါလူငယ် ၂ ဦးဟာ ရခိုင်ပြည်နယ်က မြို့နယ် ၇ ခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့တို့မှာ ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၁ ရက်နေ့က အင်တာနက်ဖြတ်တောက်တာ ၁ နှစ်ပြည့်နေ့မှာ အင်တာနက်ပြန်လည်ဖွင့်ပေးဖို့ ဦးဆောင်ကာကမ်ပိန်းပြုလုပ်တာကြောင့် ငြိမ်းစုစီနဲ့ တရားစွဲဆိုခံရ ခဲ့ရတာပါ။

တရားစွဲခံခဲ့ရတဲ့ သန္တာရင်သွီးမျိုးဆက်သစ်အသင်းရဲ့ ဥက္ကဋ္ဌ ကိုနေစိုးက “ဒီနေ့ ကျနော်တို့နှစ်ယောက်ကို စွဲဆိုထားတဲ့ ငြိမ်းစုစီပုဒ်မအတွက် ကျောက်ဖြူမြို့နယ်တရားရုံးက ဒဏ်ငွေနဲ့ လွှတ်ပေးလိုက်ပါတယ်‌။ ဒဏ်ငွေကတော့ တစ်ယောက်ကို သုံးသောင်းနဲ့ ၂ ယောက်အတွက် ဒဏ်ငွေ ၆၀၀၀၀ ပေးခဲ့ရတယ်၊ အမှုကတော့ ဒီနေ့ဆိုရင် ၁ နှစ်ခွဲပြည့်ဖို့ ရက်ပိုင်းပဲ လိုတော့တာပေါ့” လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၁၈ ခုနှစ်အတွင်း စစ်တပ်နဲ့ ရခိုင်တပ်တော်တို့ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်က မြို့နယ် ၇ မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တို့မှာ အင်တာနက်လိုင်းဖြတ်တောက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဇွန် ၂၁ ရက်နေ့က အင်တာနက်ဖြတ်တောက်မှု ၁ နှစ်ပြည့်အဖြစ် ရခိုင်ပြည်နယ်ရှိ မြို့နယ်တွေနဲ့ ရန်ကုန်မြို့အပါအဝင် မြို့ကြီးတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေပူးပေါင်းကာ ကမ်ပိန်းပြုလုပ်ခဲ့ကြတာပါ။

အဆိုပါ ကမ်ပိန်းပြုလုပ်မှုကြောင့် ကျောက်ဖြူမြို့နဲ့ ရမ်းဗြဲမြို့အပါအဝင် ရန်ကုန်မြို့က ဦးဆောင်သူ လူငယ်တချို့အား ငြိမ်းစုစီ ဥပဒေတွေနဲ့ တရားစွဲခံခဲ့ရပြီး ကျောက်ဖြူမြို့က လူငယ် ၂ ဦးကို ရုံးချိန်း ၁ နှစ်ခွဲအကြာမှာ ငွေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up