close

မင်းကင်းမြို့နယ်၌ စစ်တပ်က အရပ်သားတွေကိုဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုနေ

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ဖက်ခတ်ကျေးရွာက ဒေသခံတွေကို စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းလုပ်ဆောင်ရာမှာ ဒီဇင်ဘာ ၃၀ ရက် မနက် ၉ နာရီလောက်က  ရွာသားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုခဲ့တယ်လို့  ဒေသခံရွာသားတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရေဦးမြို့နယ်ကနေ မင်းကင်းမြို့နယ်အတွင်း ဒီဇင်ဘာ ၂၈ ရက်မှာ ဝင်ရောက်လာခဲ့ပြီး ၂၉ ရက် ညနေပိုင်းမှာ မောက္ကတော်ရွာကနေ ချင်းတွင်းမြစ်အနောက်ဘက်ကို စစ်လှေ‌နဲ့ကူးခဲ့ပါတယ်။

ဒီဇင်ဘာ ၃၀ ရက် ညနေပိုင်းမှာတော့ ဖက်ခတ်ကျေးရွာက ဒေသခံမိသားစုနှစ်စုကို ဖမ်းဆီးခေါ်ဆောင်ကာ အကာအကွယ်ယူပြီး  ဒေသခံပြည်သူကာကွယ်ရေးတပ် PDF စခန်းကို ဝင်ရောက် စီးနင်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖက်ခတ်ကျေးရွာ မဟူရာကျောက်ရိုင်းအဖွဲ့ တာဝန်ရှိသူက  “သူတို့က ကျနော်တို့ရွာကို အလစ်ဝင်လာတယ်။ အဲဒီလိုဝင်လာပြီး ရွာကမိသားစု ၁၀ ယောက်လောက်ကို ဖမ်းဆီးခေါ်ပြီး ဖက်ခက်ကျေးရွာအနီးက ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ် PDF စခန်းကို ဝင်စီးခံရတယ်။ ကျနော်တို့ စခန်းကို မရောက်ခင် ကြိုတင်ပြင်ဆင်တာတွေတော့ လုပ်ထားတယ်။ ဒါပေမဲ့ ကိုယ့်ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုလာတာကြောင့် ကျနော်တို့ ကြိုတင်စီစဉ်တာတွေ မနိုင်ခဲ့ဘူး”လို့ ပြောပါတယ်။

မင်းကင်း မဟူရာကျောက်ရိုင်းအဖွဲ့ဟာ ချင်းတွင်းမြစ်အတွင်းက စစ်ကောင်စီ မော်တော်ယာဉ်တွေကို အဓိကတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်က ဝင်‌ရောက်လာတာကြောင့် ကာကွယ်ရေးတပ်တွေ  စခန်းကိုပစ်ပြီး ဘေးလွတ်ရာကို ရှောင်တိမ်းနေရသလို  ဖက်ခတ်ကျေးရွာသားတွေလည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေရတယ်လို့‌ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up