စပိန်နိုင်ငံတွင်း ဝင်ရောက်ရန်ကြိုးပမ်းသည့် ရွှေ့ပြောင်းဒုက္ခသည် ၄၄၀၀ ကျော် ပျောက်ဆုံး

၂၀၂၁ ခုနှစ်အတွင်း စပိန်နိုင်ငံ ဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ ရွှေ့ပြောင်းအခြေချသူ ဒုက္ခသည် ၄၄၀၀ ကျော်ဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ ပျောက်ဆုံးသွားတယ်လို့ မိုက်ဂန့်စောင့်ကြည့်လေ့လာရေး အဖွဲ့ Walking Borders က ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ ကလေး ၂၅၀ ခန့် ပါတယ်လို့ ဖော်ပြထားပြီး ပင်လယ်ပြင်မှာ အသက်ဆုံးရှုံးသွားတဲ့ ဒုက္ခသည်အရေအတွက်ဟာ ယခင်နှစ်တွေထက် ပိုများလာတယ်လို့ ဆိုပါတယ်။
ပင်လယ်ပြင်မှာ သေဆုံးကြတဲ့ ဒုက္ခသည်တွေဟာ ကြမ်းတမ်းတဲ့ ရေလမ်းကြောင်းတွေ၊ လုံခြုံမှုမရှိတဲ့ လှေတွေနဲ့ အသက်ကယ်ဖို့ ပျက်ကွက်တဲ့ သင်္ဘောတွေကြောင့်လို့ လေ့လာရေးအဖွဲ့က သုံးသပ်ပါတယ်။
မနှစ်က စပိန်ကို ရေကြောင်း၊ ကုန်းကြောင်း နှစ်ခုလုံးက ရောက်လာတဲ့ ဒုက္ခသည်အရေအတွက် ၃၉၀၀၀ ရှိပါတယ်။
နောက်ပြီး Walking Borders အဖွဲ့က ပျောက်ဆုံးခဲ့သူ ၉၀ ရာခိုင်နှုန်းဟာ လှေတွေက လှိုင်းလေကို မခံနိုင်ဘဲ ပျက်စီးခဲ့တာကြောင့်လို့ ပြောပါတယ်။
စပိန်နိုင်ငံက ၎င်းကမ်းခြေကို ရောက်ရှိဖို့ ကြိုးစားရင်း ပင်လယ်ပြင်မှာ သေဆုံးခဲ့တွေရဲ့ ကိန်းဂဏန်း စာရင်းကို အသေအချာ ထိန်းသိမ်းထားခြင်းမရှိဘူးလို့ အဲဒီအဖွဲ့က ဝေဖန်ထားပါတယ်။