အနောက်အာဖရိကရှိ စပိန်ပိုင် ကန်နာရီကျွန်းကို ရော်ဘာလှေတွေနဲ့ ကူးဖြတ်လာတဲ့ ရွှေ့ပြောင်း ဒုက္ခသည် ၂၉၀ ကျော်ကို စပိန်ကမ်းခြေစောင့်တပ်ဖွဲ့က ဖေဖော်ဝါရီ ၁၁ ရက် သောကြောနေ့မှာ ကယ်တင်ခဲ့ရပါတယ်။
ကမ်းခြေစောင့်ရေတပ်သင်္ဘောက လှေ ၆ စီးကို တွေ့ခဲ့ပြီး အများစုက မော်ရိုကိုနိုင်ငံကပါ။ ကန်နရီကျွန်းက ဥရောပကို ထွက်ချင်တဲ့ ရွှေ့ပြောင်းအခြေချသူတွေအတွက် ဂိတ်ပေါက်တခု ဖြစ်နေတာပါ။
ဒုက္ခသည်တွေ ထားတဲ့ စပိန်ရဲ့ အာဂူရင်းဂွင်း ဆိပ်ကမ်းကို ပို့ဆောင်ဖို့ ရေတပ်သင်္ဘောနှစ်စင်း လိုအပ်ပါတယ်။
စပိန်ပြည်ထဲရေးဌာန ဒေတာတွေအရ ကန်နာရီကျွန်းကို ၂၀၂၀ ခုနှစ်မှာ ဒုက္ခသည် ၂၃,၂၇၁ ဦးရောက်ရှိပြီး ၂၀၂၁ ခုနှစ်မှာ ၂၂,၃၁၆ ဦး ရောက်ရှိခဲ့ပါတယ်။
စပိန်ကို ရောက်ဖို့ကြိုးစားရင် ပင်လယ်ထဲ အသက်ဆုံးရှုံးခဲ့သူ ၂၀၂၁ မှာ ၄,၄၀၀ ဦးရှိပြီး အဲဒီထဲမှာ ကလေး ၂၀၅ ဦး ပါဝင်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၀ ရက်က လစ်သူယေးနီးယားနိုင်ငံ ဗီးလ်နပ်စ်မြို့မှာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်ထဲရေးဝန်ကြီးတွေ တွေ့ဆုံပြီး ဥရောပနိုင်ငံတွေထဲကို ဝင်ရောက်အခြေချလာတဲ့ ရွှေ့ပြောင်းဒုက္ခသည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ နယ်စပ်တွေကို ထိထိရောက်ရောက် ကာကွယ်တားဆီးဖို့ စည်းဝေးခဲ့ကြပါတယ်။
ဂရိနိုင်ငံဝန်ကြီးက “ဥရောပရဲ့ နိုင်ငံရေးခိုလှုံခွင့်စနစ်တွေကို ပိုမိုကောင်းမွန်စေဖို့ဆိုရင် နယ်စပ်တားဆီးမှုက အရေးကြီးပါတယ်။ ဥရောပနဲ့ နိုင်ငံတကာ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ ဥပဒေတွေနဲ့အညီ ဆောင်ရွက်ရမယ်၊ ကျနော်တို့ဟာ ဒုက္ခသည်တွေကို ဆန့်ကျင်နေတာ မဟုတ်ပါဘူး၊ လူကုန်ကူးသူတွေကို အသေချာ ဖမ်းဆီးအရေးယူဖို့ပါ” လို့ ပြောပါတယ်။
ပိုလန်ပြည်ထဲရေးဝန်ကြီးက “ဥရောပသမဂ္ဂရဲ့ နယ်စပ်တားဆီးရေး ဗျူရိုကရေစီလုပ်ထုံးလုပ်နည်းတွေက ပိုလန်နိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ဖြစ်မလာဖို့ လိုပါတယ်။ လက်ရှိ နယ်စပ်ဆိုင်ရာ စည်းကမ်းဥပဒေတွေက အဲဒီတိုက်ခိုက်မှုတွေကို မကာကွယ်နိုင်သေးပါဘူး။ အဲဒီလို ကြမ်းကြမ်းတမ်းတမ်း လုပ်ဆောင်သူ မည်သူ့ကို မဆို နိုင်ငံရေးဒုက္ခသည်အဖြစ် မစဉ်းစားနိုင်ပါဘူး” လို့ ပြောပါတယ်။
လစ်သူယေးနီးယား ပြည်ထဲရေးဝန်ကြီးက “ကျနော်တို့ ဆွေးနွေးနေကြတာ ကျနော်တို့နိုင်ငံတွေရဲ့ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးပါ။ လစ်သူယေးနီးယားကိုဖြစ်ဖြစ်၊ ဥရောပမြေပေါ်ဖြစ်ဖြစ် တရားမဝင် ရောက်လာသူ မည်သူ့ကိုမဆို ထိထိရောက်ရောက် အရေးယူဖို့ လိုပါတယ်။ အဲလိုအရေးမယူနိုင်ရင် ဥရောပ နယ်စပ်ကာကွယ်ရေးအကြောင်း မပြောတာကောင်းပါတယ်” လို့ ပြောခဲ့ပါတယ်။