close

ထိုင်းဝက်များ ကူးစက်ရောဂါဖြင့်သေဆုံး၊ ဝက်သားဈေးတက်သဖြင့် ကြက်ဥဈေး လိုက်တက်

ထိုင်းနိုင်ငံမှာ ၂၀၂၁ ခုက ဝက်တွေ ကူးစက်ရောဂါဖြစ်ပွားပြီး ဝက်မွေးမြူရေးလုပ်ငန်းတွေ အရှုံးပေါ်တာကြောင့် ဝက်သားတွေ လုံလောက်စွာမထုတ်လုပ်နိုင်တော့ဘဲ နှစ်ကုန်ပိုင်းက ဝက်သားဈေးတွေ တရိပ်ရိပ်တက်လာရာမှာ ဒီ ၂၀၂၂ နှစ်ထဲ ဝင်လာတော့ ဝက်သားဈေး မကြုံစဖူးခုန်တက်လာပါတယ်။ 

ထိုင်းမှာ နဂိုက ဝက်သားဈေး ၁ ကီလိုကို ဘတ် ၈၀ နှစ်အတန်ကြာ ဈေးတည်ငြိမ်နေရာက မနှစ်ကစ  တဖြည်းဖြည်းဈေးတက်လာပြီး ဒီနှစ်ဇန်နဝါရီလထဲမှာတော့ သုံးထပ်သား ၁ ကီလိုကို ဘတ် ၂၄၀ မှ ၂၅၀၊ အချို့စူပါမတ်ကက်တွေမှာ ဘတ် ၃၀၀ ထိ တက်လာခဲ့တာပါ။ 

ဝက်သားဈေးကြီးတဲ့အတွက် ဝက်သားနဲ့ထုတ်လုပ်တဲ့အစားအစာတွေပါ ဈေးလိုက်တက်လာသလို  စားသုံးသူတွေက ဝက်သားအစားအခြားအသားတွေ ပြောင်းလဲစားသုံးလာလို့ အထူးသဖြင့် ကြက်သား နဲ့ ကြက်ဥတွေပိုပြီး အဝယ်လိုက်လာတာကြောင့် ကြက်ဥတွေပါ ဈေးတက်လာပါတယ်။

ကြက်ဥ ၁ လုံးကို  မူလ ၂ ဒဿမ ၈ ဘတ်မှ ၃ ဘတ်အထိ ဈေးနှုန်းမြှင့်တင်မယ့်အကြောင်း ထိုင်းနိုင်ငံ ကြက်ဥထုတ်လုပ်တင်ပို့ရေးအသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ထုတ်ပ်န်ကြေညာခဲ့ပြီး ကြက်ဥရောင်းဝယ်ရေးအသင်းကလည်း ဇန်နဝါရီ ၁၀ ရက်နေ့ကစ ၁ ကတ်ကို ၆  ဘတ် ဈေးမြှင့်ရောင်းမယ်လို့ ကြေညာထားပါတယ်။ 

ထိုင်းတနိုင်ငံလုံးမှာ မူလက ဝက်အကောင်ရေ ၁၂ သန်းကျော်ရှိရာမှာ ဒီနှစ်စပိုင်းမှာတော့ ၁၂ သန်းသာကျန်ရှိကြောင်း၊ ဝက်ရှားပါးရတာဟာ ကူးစက်ရောဂါအပြင် ဝက်စာဈေးကြီးတာ၊ ဝက်ခြံတွေမှာ အပူချိန်မြင့်တာကြောင့် ရေတွေပိုသုံးပြီး အဲယားကွန်းတွေဖွင့်ပေးရတာ၊ အရင်းနှီးပို များလာတောကြောင့် ဝက်မွေးမြူနှုန်းပါ ကျဆင်းလာတာလို့ ဝက်မွေးမြူရေးသမားတွေက ပြောပါတယ်။ 

ဝက်ခြံတွေမှာ ဝက်တွေအစုလိုက် အပြုံလိုက်သေဆုံးရတာဟာ ASF (african swine fever) လို့ခေါ်တဲ့ ကူးစက်ရောဂါကြောင့်လို့ လူမှုကွန်ရက်မှာ ပြန့်နေပေမယ့် ထိုင်းနိုင်ငံ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနကတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။

သက်ဆိုင်ရာက ဝက်ရောဂါနဲ့ ပတ်သက်တဲ့အချက်အလက်တွေ ထိန်ချန်မှုရှိကြောင်း ဝေဖန်မှု တွေ များလာတာကြောင့် ဒီကနေ့မှာတော့ ထိုင်းနိုင်ငံက အကြီးစားဝက်မွေးမြူရေးလုပ်ငန်းတွေရှိရာ ရာ့ချပူရီ၊ နခွန်းပထုံ၊ ချွန်းပူရီ နဲ့ ချချိန်းဆောင်းခရိုင်ရှိ ဝက်ခြံတွေကို ထပ်မံစစ်ဆေးဖို့ ညွှန်ကြားထားကြောင်း တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနညွှန်မှူးက သတင်းထောက်တွေကို ပြောပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up