ထိုင်းနိုင်ငံမှာ ဝက်တွေကူးစက်ရောဂါဖြစ်လို့ ဝက်သားဈေးတွေ ခုန်တက်နေတာမှာ တဘက်ကလည်း ဒါကိုအခွင့်ကောင်းယူပြီး ကိုယ်ကျိုးအတွက် အမြတ်ထုတ်တာတွေရှိနေလို့ သက်ဆိုင်ရာက စုံစမ်းအရေးယူနေပါတယ်။
ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ကျနမြို့နယ် ဘန့်နားရပ်ကွက်ရှိ အအေးခန်းသိုလှောင်ရုံတစ်ခုမှာ ဝက်သားတွေ အမြောက်အမြား သိုလှောင်ထားကြောင်း သတင်းရတဲ့အတွက် ခရိုင်တိရစ္ဆာန်မွေးမြူရေးဦးစီးဌာနက တာဝန်ရှိသူတွေဟာ အဆိုပါနေရာကို မနေ့က သွားရောက်စစ်ဆေးခဲ့ကြပါတယ်။
စစ်ဆေးချက်အရ ဝက်သားအစိတ်အပိုင်းအမျိုးမျိုးကို ကြီးမားတဲ့အအေးခန်းထဲ သိုလှောင်ထား ပြီး စုစုပေါင်းအလေးချိန် ၂၁၁,၃၆၀ ကီလိုဂရမ်ရှိတယ်လို့ ဆိုပါတယ်။
မျက်မြင်သက်သေတို့ ပြောဆိုချက်အရ သူတို့ဟာ အဆိုပါဝက်သားတွေကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက လာရောက်သိုလှောင်ထားပြီး အနည်းငယ်သာပြန်ထုတ်သွားတယ်လို့ ဆိုပါ တယ်။
ကုမ္ပဏီတာဝန်ရှိသူကတော့ သူတို့ဟာ အအေးခန်းတွေကို ငှားရမ်းပေးခြင်းသာဖြစ်ပြီး ဝက်သားပိုင်ရှင်ကတော့ ဖတ်ထလုန်းခရိုင်ရှိ ဘေထာကိုးဖုဒ်ကုမ္ပဏီကလို့ ပြောပါတယ်။
သက်ဆိုင်ရာကတော့ အဆိုပါဝက်သားတွေကို ချိပ်ပိတ်သိမ်းဆည်းလိုက်ပြီး ဆက်လက်စုံစမ်းအရေးယူသွားမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်ကတည်းက ကူးစက်ရောဂါကြောင့် ဝက်အကောင်ရေ သိန်းနဲ့ ချီသေ ဆုံးခဲ့ပြီး ဝက်မွေးမြူရေးခြံတွေ အများအပြားပိတ်သိမ်းခဲ့ရပါတယ်။ အဲဒီနောက် ဝက်သားတွေရှားပါးလာပြီး ဈေးနှုန်းတွေပါ လိုက်တက်လာပါတယ်။
ထိုင်းနိုင်ငံဟာ ယခင်က ဝက်သားကို ထုတ်ကုန်အမျိုးမျိုးလုပ်ပြီး နိုင်ငံခြားကို တင်ပို့ရောင်းချခဲ့ပေမယ့် ပြည်တွင်းမှာ ဝက်သားရှားလာတာကြောင့် ပြည်ပတင်ပို့ရောင်းချမှုကို အစိုးရက ပိတ်ပင်လိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၂၁ ခုက ဝက်တွေ ကူးစက်ရောဂါဖြစ်ပွားပြီး ဝက်မွေးမြူရေးလုပ်ငန်းတွေ အရှုံးပေါ်တာကြောင့် ဝက်သားတွေ လုံလောက်စွာမထုတ်လုပ်နိုင်တော့ဘဲ နှစ်ကုန်ပိုင်းက ဝက်သားဈေးတွေ တရိပ်ရိပ်တက်လာရာမှာ ဒီ ၂၀၂၂ နှစ်ထဲ ဝင်လာတော့ ဝက်သားဈေး မကြုံစဖူးခုန်တက်လာပါတယ်။
ထိုင်းမှာ နဂိုက ဝက်သားဈေး ၁ ကီလိုကို ဘတ် ၈၀ နှစ်အတန်ကြာ ဈေးတည်ငြိမ်နေရာက မနှစ်ကစ တဖြည်းဖြည်းဈေးတက်လာပြီး ဒီနှစ်ဇန်နဝါရီလထဲမှာတော့ သုံးထပ်သား ၁ ကီလိုကို ဘတ် ၂၄၀ မှ ၂၅၀၊ အချို့စူပါမတ်ကက်တွေမှာ ဘတ် ၃၀၀ ထိ တက်လာခဲ့တာပါ။
ဝက်သားဈေးကြီးတဲ့အတွက် ဝက်သားနဲ့ထုတ်လုပ်တဲ့အစားအစာတွေပါ ဈေးလိုက်တက်လာသလို စားသုံးသူတွေက ဝက်သားအစားအခြားအသားတွေ ပြောင်းလဲစားသုံးလာလို့ အထူးသဖြင့် ကြက်သား နဲ့ ကြက်ဥတွေပိုပြီး အဝယ်လိုက်လာတာကြောင့် ကြက်ဥတွေပါ ဈေးတက်လာပါတယ်။
ကြက်ဥ ၁ လုံးကို မူလ ၂ ဒဿမ ၈ ဘတ်မှ ၃ ဘတ်အထိ ဈေးနှုန်းမြှင့်တင်မယ့်အကြောင်း ထိုင်းနိုင်ငံ ကြက်ဥထုတ်လုပ်တင်ပို့ရေးအသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က ထုတ်ပ်န်ကြေညာခဲ့ပြီး ကြက်ဥရောင်းဝယ်ရေးအသင်းကလည်း ဇန်နဝါရီ ၁၀ ရက်နေ့ကစ ၁ ကတ်ကို ၆ ဘတ် ဈေးမြှင့်ရောင်းမယ်လို့ ကြေညာထားပါတယ်။
ထိုင်းတနိုင်ငံလုံးမှာ မူလက ဝက်အကောင်ရေ ၁၂ သန်းကျော်ရှိရာမှာ ဒီနှစ်စပိုင်းမှာတော့ ၁၂ သန်းသာကျန်ရှိကြောင်း၊ ဝက်ရှားပါးရတာဟာ ကူးစက်ရောဂါအပြင် ဝက်စာဈေးကြီးတာ၊ ဝက်ခြံတွေမှာ အပူချိန်မြင့်တာကြောင့် ရေတွေပိုသုံးပြီး အဲယားကွန်းတွေဖွင့်ပေးရတာ၊ အရင်းနှီးပို များလာတောကြောင့် ဝက်မွေးမြူနှုန်းပါ ကျဆင်းလာတာလို့ ဝက်မွေးမြူရေးသမားတွေက ပြောပါတယ်။
ဝက်ခြံတွေမှာ ဝက်တွေအစုလိုက် အပြုံလိုက်သေဆုံးရတာဟာ ASF (african swine fever) လို့ခေါ်တဲ့ ကူးစက်ရောဂါကြောင့်လို့ လူမှုကွန်ရက်မှာ ပြန့်နေပေမယ့် ထိုင်းနိုင်ငံ တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနကတော့ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးဘူးလို့ ဆိုပါတယ်။
သက်ဆိုင်ရာက ဝက်ရောဂါနဲ့ ပတ်သက်တဲ့အချက်အလက်တွေ ထိန်ချန်မှုရှိကြောင်း ဝေဖန်မှု တွေ များလာတာကြောင့် ဒီကနေ့မှာတော့ ထိုင်းနိုင်ငံက အကြီးစားဝက်မွေးမြူရေးလုပ်ငန်းတွေရှိရာ ရာ့ချပူရီ၊ နခွန်းပထုံ၊ ချွန်းပူရီ နဲ့ ချချိန်းဆောင်းခရိုင်ရှိ ဝက်ခြံတွေကို ထပ်မံစစ်ဆေးဖို့ ညွှန်ကြားထားကြောင်း တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေးဌာနညွှန်မှူးက သတင်းထောက်တွေကို ပြောပါတယ်။