ကမ္ဘာ့စီးပွားရေး ဆက်လက်ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်ခန့်မှန်းထုတ်ပြန်

၂၀၂၁ ခုနှစ်မှာ ပြန်လည်အားကောင်းလာတဲ့ ကိုဗစ်-၁၉ မျိုးကွဲဖြစ်တဲ့ အိုမီခရွန်ရဲ့ ခြိမ်းခြောက်မှုအသစ်တွေနဲ့အတူ ငွေကြေးဖောင်းပွမှု၊ ကြွေးမြီနဲ့ ဝင်ငွေမညီမျှမှုတို့ကြောင့် ကမ္ဘာ့စီးပွားရေးဟာ သိသာစွာနှေးကွေးသွားတယ်လို့ ကမ္ဘာ့ဘဏ်က ဇန်ဝါရီ ၁၁ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
အဆိုပါအစီရင်ခံစာအရ ကမ္ဘာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်မှာ ၅ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ၄ ဒသမ ၁ ရာခိုင်နှုန်းသာရှိမှာဖြစ်ပြီး လာမယ့် ၂၀၂၃ ခုနှစ်မှာတော့ ၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဒေးဗစ်မလ်ပတ်စ်က “ကမ္ဘာ့စီးပွားရေးဟာ ကိုဗစ်-၁၉ ရဲ့ဒဏ်ကို ခံနေရပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုနဲ့ မူဝါဒ မရေရာမှုတွေ၊ အစိုးရအသုံးစရိတ်နဲ့ ငွေကြေးမူဝါဒတွေဟာ မကြုံစဖူးအောင် တပြိုင်နက်တည်း ရင်ဆိုင်နေရတာပါ။ ဒီတော့ မညီမျှမှုတွေ မြင့်တက်လာတာနဲ့အတူ လုံခြုံရေးအရ စိန်ခေါ်မှုတွေဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အထူးအန္တရာယ်ရှိစေပါတယ်။ ဒါကြောင့် ကောင်းမွန်တဲ့တိုးတက်ရေးလမ်းကြောင်းတခုကို တည်ဆောက်ဖို့အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမျိုးသားရေးမူဝါဒဆိုင်ရာ တုံ့ပြန်မှုတွေကို ကျယ်ကျယ် ပြန့်ပြန့်လုပ်ဆောင်ထားကြပါ”လို့ တိုက်တွန်းပြောဆိုထားပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ စီးပွားရေးတိုးတက်မှုနှုန်းက ၂၀၂၁ ခုနှစ်မှာ ၅ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၂ ခုနှစ်မှာ ၃ ဒသမ ၈ ရာခိုင်နှုန်းနဲ့ လာမယ့် ၂၀၂၃ ခုနှစ်မှာတော့ ၂ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖို့ရှိပါတယ်။ ဖွံ့ဖြိုးဆဲနဲ့ တက်သစ်စ နိုင်ငံတွေမှာတော့ စီးပွားရေးတိုးတက်မှုနှုန်းက ၂၀၂၁ ခုနှစ်မှာ ၆ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းမှု ရှိနေရာကနေ ၂၀၂၂ ခုနှစ်မှာ ၄ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး လာမယ့် ၂၀၂၃ ခုနှစ်မှာ ၄ ဒသမ ၄ ရာခိုင်နှုန်း ရှိမယ်လို့ ခန့်မှန်း ထားပါတယ်။
တချိန်တည်းမှာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လာခြင်းက ဝင်ငွေနည်းအလုပ်သမားတွေအပေါ် ကျပ်တည်းစေတာကြောင့် ငွေကြေးမူဝါဒအား ကန့်သတ်ထားရှိဖို့ လိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ်ကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ငွေကြေးဖောင်းပွမှုနှုန်းဟာ ကမ္ဘာ့စီးပွားရေးနဲ့ဖွံ့ဖြိုးပြီးနိုင်ငံတွေအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။ ဖွံ့ဖြိုးဆဲနဲ့ တက်သစ်စ နိုင်ငံတွေအတွက်ကတော့ ၂၀၁၁ ခုနှစ်မှစပြီး ဒီသက်ရောက်မှုကို ကြုံတွေ့ရတာပါ။ ဒါကြောင့် ဖွံ့ဖြိုးဆဲနဲ့ တက်သစ်စ နိုင်ငံတွေအနေနဲ့ ငွေကြေး ဖောင်းပွမှုကို ထိန်းချုပ်ဖို့အတွက် ပြီးပြည့်စုံတဲ့ မူဝါဒပိုင်းဆိုင်ရာ ရေးဆွဲထားရှိဖို့ အကြံပြုထားပါတယ်။
ကမ္ဘာ့ဘဏ်မှ မန်နေဂျင်းဒါရိုက်တာ မာရီပန်းဂတ်စ်ကလည်း "မူဝါဒပိုင်းဆိုင်ရာချမှတ်သူတွေဟာ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ ဆယ်စုနှစ်စာလမ်းကြောင်းအတွက် ဆုံးဖြတ်ချက်တွေ ချမှတ်ပေးရပါမယ်။ ပထမဦးစားပေးက ကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ မျှမျှတတ ဖြန့်ကျက်နိုင်မှသာ ကပ်ရောဂါကို ထိန်းချုပ်နိုင်မှာပါ။ ဒါကြောင့် မညီမျှမှုတွေ မြင့်တက်လာပြီး ဖွံ့ဖြိုးတိုးတက်ရေးမှာ အနှောင့်အယှက်တွေ ဖြစ်မလာအောင် စဉ်ဆက်မပြတ် ပံ့ပိုးကူညီသွားဖို့ လိုပါတယ်။ တချိန်တည်းမှာ ကြွေးမြီတွေ များတာ၊ ဖွံ့ဖြိုးပြီးနိုင်ငံတွေဆီက ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေ ချဲ့ထွင်နိုင်ဖို့အတွက်လည်း နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ဒါမှသာ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်တယ်” လို့ဆိုပါတယ်။
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသမှာတော့ ၂၀၂၁ ခုနှစ် စီးပွားရေးတိုးတက်မှုဟာ ၇ ဒသမ ၁ ရာခိုင်နှုန်းရှိပေမဲ့ စီးပွားရေးပြန်ကောင်းမွန်မရှိအဟုန်ကတော့ နိုင်ငံတွေအကြားမှာ မတူကွဲပြားခြား နားမှုတွေရှိမယ်လို့ဆိုပါတယ်။
အာဆီယံဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားက ၂၀၂၂ မှာ စီးပွားရေးတိုးတက်မှု ၅ ဒသမ ၂ ရာခိုင်နှုန်းရှိမယ်ခန့်မှန်းပြီး မလေးရှားက ၅ ဒသမ ၈ ရာခိုင်နှုန်း၊ ဖိလစ်ပိုင်က ၅ ဒသမ ၉ ရာခိုင်နှုန်း၊ ထိုင်းကတော့ ၂၀၂၃ မှာ ၅ ဒသမ ၁ ရာခိုင်နှုန်း၊ ဗီယက်နမ်က ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မယ်ခန့်မှန်းပါတယ်။
မြန်မာ့စီးပွားရေးကတော့ ၂၀၂၁ ခုနှစ်မှာ အနုတ် ၁၈ ရာခိုင်နှုန်း ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြီး ၂၀၂၂ ခုနှစ်အတွက် သီးခြားခန့်မှန်းထားတာမရှိပါဘူး။
Photo-World Bank