ထိုင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၈၀ ကျော် ထပ်မံဖမ်းဆီးခံရ



မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက် နိုင်ငံရေးမတည်ငြိမ်မှု၊ အသက်အိုးအိမ်မလုံခြုံမှု၊ စားဝတ်နေရေးခက်ခဲလာမှုတွေကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံထဲကို နေ့စဉ်ဝင်ရောက်နေရာမှာ ဇန်နဝါရီ ၁၃ ရက်နဲ့ ၁၄ ရက်မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ၂၈၅ ဦး ဖမ်းဆီးခံခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
အဲဒီထဲက ၆၇ ဦးမှာ တာ့ခ်ခရိုင် ဝမ်းကျောက်မြို့နယ် နားဘိုအုပ်စု ၊ ဝမ်းနမ့်ယဉ်အုပ်စုနဲ့ ဝမ်းကျောက်ကျေးရွာအုပ်စု စတဲ့ ၃ နေရာမှာ မနေ့ ည ၈ နာရီခွဲနဲ့ ဒီနေ့မနက် ၅ နာရီ အတောအတွင်း ဖမ်းဆီးရမိတာလို့ တာ့ခ်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
သူတို့ တွေနဲ့အတူ ကား ၂ စီးနဲ့ လမ်းပြ ၂ ဦးတို့ပါ အဖမ်းခံရကြောင်း ၊ ထိုင်းမှာ အလုပ်လာလုပ်ဖို့အတွက် ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၇၀၀၀ ဘတ်မှ ၂၃၅၀၀ ဘတ်ထိပေးရပြီး နောက်လင်မယား ၂ ယောက်မှာ ၂ ဦးစာ ၄၇၀၀၀ ဘတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကန်ကျနပူရီခရိုင်ထဲမှာလည်း ဇန်နဝါရီ ၁၃ ရက်က ကန်ကျနပူရီ၊ ဆိုင်းယုတ်နဲ့ ဆန်ခလပူရီစတဲ့မြို့နယ် ၃ ခု နေရာပေါင်း ၈ ခုကနေ ၁၅၂ ဦး ဖမ်းဆီးခံရပါတယ်။
သူတို့ဟာ ထားဝယ်၊ ရန်ကုန် ၊ ပဲခူး၊ မော်လမြိုင်မြို့နယ်နဲ့ ရခိုင်ပြည်နယ်ကဖြစ်ပြီး ထိုင်းမှာ အလုပ်လာလုပ်ဖို့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၁၆၀၀၀ မှ ၂၂၀၀၀ ထိ ပေးရတယ်လို့ ဆိုပါတယ်။
ရနောင်းမြို့နယ်မှာတော့ မနေ့ကနဲ့ ဒီကနေ့ ၂ ရက်တွင်း ကော့သောင်းဘက်ကနေ လှေနဲ့ကူးလာတဲ့ မြန်မာ ၂၇ ဦးကို ဖမ်းဆီးရမိတယ်လို့ ရနောင်းဒေသ သတင်းမှာ ဖော်ပြပါတယ်။
မနေ့က ၁၀ ဦးကို ပါက်နမ့်ရပ်ကွက်နား ကမ်းကပ်လာတဲ့ လှေဝမ်းထဲကနေ စစ်ဆေးတွေ့ရှိပြီး နောက်ထပ် ၁၇ ဦးကတော့ ဒီကနေ့မှာ ဖမ်းဆီးရမိကြောင်း၊ ဒီကနေ့မနက်ဖမ်းမိတဲ့ထဲမှာ မြန်မာနိုင်ငံကူးလက်မှတ်၊ အလုပ်သမားကတ်ရှိသူတချို့ပါဝင်ပြီး သူတို့ဟာ ချွန်းဖွန်းမှာအလုပ်လုပ်ကြောင်း၊ မြန်မာပြည်က မိဘဆီအလည်သွားပြီး နယ်စပ်ဂိတ်တွေ မဖွင့်တာနဲ့ တရားမဝင်လမ်းကနေ ပြန်ဝင်လာရတာလို့ ဆိုပါတယ်။
ချင်းမိုင်ခရိုင် ဖန်မြို့နယ်မွမ့်ပင်အုပ်စု ဘန့်နောင်ဗိုခမ်းရွာမှာလည်း မနေ့ညက တောထဲကနေ လမ်းလျှောက်ဝင်လာတဲ့ ကလေးငယ်တွေအပါအဝင် မြန်မာ ၁၉ ယောက်ဖမ်းဆီးခံခဲ့ရပါတယ်။ သူတို့ဟာ ရှမ်းပြည်နယ် လင်းခေးမြို့နယ်ထဲကဖြစ်ပြီး ချင်းမိုင်မှာအလုပ်လာလုပ်ဖို့ ဝင်ရောက်လာ တာလို့ Maesaipress သတင်းမှာ ဖော်ပြပါတယ်။
ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ် ဝိန်းဖန်ခမ်းအုပ်စု ဘန့်ဖာမီကျေးရွာနားမှာတော့ ဒီကနေ့ မွန်းလွဲပိုင်းက တောထဲကနေလမ်းလျှောက်ဝင်လာတဲ့ မြန်မာ အမျိုးသား ၉ ယောက်၊ အမျိုးသား ၄ ယောက်၊ ကလေး ၇ ယောက် စုစုပေါင်း အယောက် ၂၀ ကို နယ်ခြားစောင့်ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၀ ဒီဇင်ဘာ ၂၉ မှ ၂၀၂၁ ဒီဇင်ဘာ ၁၅ ရက်အထိ တရားမဝင်နိုင်ငံခြားသား နဲ့ ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၄၂၄၄၃ ဦး ၊ လူမှောင်ခိုဂိုဏ်း ၂၂၁ ခု ၊ လမ်းပြ ၂၉၃ ဦးနဲ့ ပွဲစားအကူ ၈၄၁ ဦး တို့ကိုဖမ်းဆီးရမိကြောင်း ထိုင်းအမျိုးသားရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ထုတ်ပြန်ထားပါတယ်။
ဒီ ၂၀၂၂ နှစ် နှစ်ဆန်းပိုင်းမှာလည်း ပျှမ်းမျှအားဖြင့် တရား မဝင်ရွှေ့ပြောင်းလုပ်သားတွေ နေ့စဉ် ၁၀၀ ခန့် ဖမ်းဆီးခံနေရပါတယ်။