close

တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁၇၀ တွေ့ရှိ၊ စုစုပေါင်း ၅၃၃,၀၀၀ ကျော်ရှိလာ

Photo - ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကိုဗစ်-၁၉ ရောဂါ အထူးကြပ်မတ်ကုသဆောင် (ICU) (Ward 5,6)

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်အယောက် ၁၇၀ နဲ့ ကူးစက်ခံရသူပေါင်း ၅၃၃,၀၂၁ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၅ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာနထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၁,၀၇၉ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ်အယောက် ၁၇၀ တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၁ ဒသမ ၅၃ ရာခိုင်နှုန်း  ရှိနေပါတယ်။

ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁၀၈ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ထပ်မံသေဆုံးသူ ၂ ယောက်နဲ့ စုစုပေါင်းသေဆုံးသူ အရေအတွက်ကတော့ ၁၉,၃၀၁ ယောက် ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်တုန်းကတော့ ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့ကနေ ကယ်ဆယ်ရေး လေယာဉ်နဲ့ ပြန်လည်ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄ ယောက်မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိရကြောင်း ကနဦး ထုတ်ပြန်ထားခဲ့တာပါ။

အဲဒီနောက် ဇန်နဝါရီ ၇ ရက်နေ့မှာတော့ မြန်မာနိုင်ငံသား ၁၁ ယောက်နဲ့ နိုင်ငံခြားသား ၁ ယောက်၊ စုစုပေါင်း ၁၂ ယောက်၊ ဇန်နဝါရီ ၁၁ ရက်မှာ အိန္ဒိယနိုင်ငံက ပြန်လာတဲ့ မြန်မာနိုင်ငံသား ၃ ယောက်၊ ဇန်နဝါရီ ၁၂ ရက်မှာ အိန္ဒိယပြန်လာတဲ့ မြန်မာနိုင်ငံသား ၂ ယောက်၊ ဇန်နဝါရီ ၁၃ ရက်မှာ မြန်မာနိုင်ငံသားအယောက် ၄၀ အပါအဝင် လူပေါင်း ၄၂ ယောက်၊ ဇန်နဝါရီ ၁၄ ရက်မှာ မြန်မာနိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသား ၃ ယောက် တို့မှာ အိုမီခရွန်ရောဂါပိုး တွေ့ရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၁၅ ရက်မှာလည်း မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့လူနာ ၁၀ ဦး ထပ်မံစစ်ဆေးတွေ့ရှိရတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up