close

ထားဝယ်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာသဖြင့် ရွာသားများထွက်ပြေး

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မြင်းမတ်တပ်ကျေးရွာထဲကို ဇန်နဝါရီ ၁၉ ရက် မနက်က စစ်ကောင်စီတပ်သား အင်အား ၁၅၀‌ လောက်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကျေးရွာအတွင်း သေနတ်ပစ်ဖောက်ကာ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့လို့ ရွာသားတွေထွက်ပြေးနေရပါတယ်။
ထားဝယ်နည်းပညာတက္ကသိုလ်တည်ရှိရာ မောင်မယ်ရှောင်ကျေးရွာအနီးရှိ မှီအုံးတောင် တောင်ခြေမှာ ဇန်နဝါရီ ၁၈ ရက်၊ ညနေကတည်းက တပ်စွဲထားတဲ့ အင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းနဲ့ ပကာရီကျေးရွာဘက်မှ ဝင်ရောက်လာတဲ့ အင်အား ၅၀ လောက်ရှိတဲ့ စစ်ကြောင်းတို့ ပူးပေါင်းကာ ဇန်နဝါရီ ၁၉ ရက်၊ မနက် ၈နာရီခွဲက မြင်းမတ်တပ်ကျေးရွာကို ဝင်ရောက်လာတာလို့ ဒေသခံကပြောပါတယ်။
ကျေးရွာအတွင်းရောက်ရှိပြီး ခဏအကြာ မနက် ၉ နာရီလောက်က စတင်ပစ်ခတ် နေအိမ်တချို့ကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ နေအိမ်တွေဘယ်လောက် မီးရှို့ခံရလဲဆိုတာကိုတော့ မသိရသေးပါဘူး။
အဆိုပါကျေးရွာအနီးနေထိုင်သူတစ်ဦးက "ပစ်တာကတော့ တစ်နာရီလောက်ကြာတယ်၊ PDF တွေနဲ့ အပြန်အလှန်ပစ်တာဖြစ်ဖို့များတယ်။ ရွာထဲမှာလည်း မီးရှို့နေတယ်။ ရွာသားတွေကတော့ မနက် ၆ နာရီလောက်ကတည်းက ထွက်ပြေးနေကြပြီ" လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၁ ရက်ကလည်း မြင်းမတ်တပ်ကျေးရွာအနီးရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲတစ်ခုဖြစ်တဲ့ Dawei Guerrilla Revolutionary Force( DGRF)ရဲ့ ပင်မစခန်းတစ်ခု စီးနင်းခံရကာ လက်လုပ်တူမီး(၁၅)လက်လောက်၊ ရိက္ခာနဲ့ ဆေးဝါးတချို့သိမ်းဆည်းခံခဲ့ရပြီး အပြန်အလှန်ပစ်ခတ်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up