close

ကနေဒီတောင်ပေါ် စစ်ကောင်စီတပ်ဖွဲ့ လေထီးဖြင့်ဆင်း၊ ၁ ဦး လေထီးမပွင့်ဘဲ ပြုတ်ကျသေဆုံး

ချင်းပြည်နယ် ကနေဒီတောင်ပေါ်ကို ဇန်နဝါရီ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်က ရဟတ်ယာဉ်ပေါ်နေ လေထီးတွေနဲ့ ဆင်းသက်ခဲ့ကြတဲ့ စစ်ကောင်စီတပ်သား ၁၂ ဦးထဲက ၁ ဦး လေထီးမဖွင့်နိုင်တာကြောင့် ချောက်ထဲပြုတ်ကျ သေဆုံးသွားတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ လေယာဉ်ကွင်းမှာ စစ်ကောင်စီတပ် ရဟတ်ယာဉ်နှစ်စီး ဇန်နဝါရီ ၁၉ ရက် မနက် ၈ နာရီကျော်က ဆင်းသက်ကာ စားနပ်ရိက္ခာ အင်အားဖြည့်ခဲ့ပြီးနောက် ကနေဒီတောင်ပေါ်ကို သွားခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ကလေးမြို့ကိုလည်း ရဟတ်ယာဉ်တွေနဲ့  အပေါ်စီးကနေ လှည့်ပတ်ကြည့်ရှုနေသလို စစ်လက်နက်ဖြည့်ဆည်းတာ‌တွေပြုလုပ်ပြီး ကလေးမြို့ တောင်ဖီလာနဲ့ တက္ကသိုလ်ဝန်းထဲမှာ အမြောက်တပ်ဆင်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မျက်မြင်တစ်ဦးက “ဟုတ်ပါတယ် သူတို့အင်အားနည်း‌နေတဲ့အချိန် အင်အားဖြည့်ဖို့လာကြတာပါ။ ချင်းပြည်နယ်စပ်မှာ ချင်းတော်လှန်ရေးအင်အားစု‌တွေနဲ့  ကလေးတော်လှန်ရေးအင်အားစုရဲ့ (မာဟာမိတ်) ပူးပေါင်း တိုက်ပွဲဖော်ဆောင်မှုမှာ အတော်အထိနာနေပါတယ်။ ချင်းတောင်ပေါ်တက်ဖို့ကို အရင်ကလို ပြောင်ပြောင်တင်းတင်း မတက်ရဲတော့ဘဲ၊ ကွမ်းသီးကားတွေကို ချောဆွဲအကာအကွယ်ယူပြီး တက်နေရတဲ့ စခတွေဟာ အရေးနိမ့်နေပြီဆိုတာကို သိလို့ အထက်ကဖိအားနဲ့ အင်အားသုံးပြန်လည်ထိုးစစ်ဆင်ဖို့ ခြေကုပ်ယူနေတယ်လို့ သုံးသပ်မိပါတယ်” လို့ ပြောပါတယ်။

လေထီးနဲ့ ဆင်းသက်လာသူတွေမှာ အထုတ်တွေပါလာပြီး ကုန်းလမ်းကနေ အင်အားဖြည့်ဖို့ မလာရဲတာကြောင့် လေကြောင်းက လာကြတာလို့ ဒေသခံတွေကဆိုပါတယ်။ 

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက စစ်ကောင်စီတပ်စွဲထားတဲ့ စခန်းတွေကို ဝိုင်းထားတာဟာ သုံးလ ကျော်ကြာမြင့်ပြီဖြစ်တာကြောင့် ရိက္ခာလည်း မရှိတော့သလို ရေကိုလည်း တောင်အောက်ဆင်း ခပ်နေရတဲ့ အခြေအနေဖြစ်နေတာကြောင့် ရိက္ခာလာရောက်ပို့ပြီး လူအင်အားဖြည့်တာ ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။

ကနေဒီတောင်ဟာ ဗျူဟာကျတဲ့ တောင်ကုန်းဖြစ်ပြီး အဲ့ဒီနေရာကနေ တီးတိန်မြို့နဲ့ ကလေးမြို့ဘက်ကိုပါ အပေါ်စီးကနေ မြင်လို့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up