close

ဆိုရှယ်မီဒီယာများတွင် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရဟု ဖင်လန်အမျိုးသမီးဝန်ကြီးချုပ်ပြော

ဖင်လန်နိုင်ငံဝန်ကြီးချုပ် ‘မစ္စဆန်နာ မာရင်း’ က ငယ်ရွယ်တဲ့ အမျိုးသမီးဝန်ကြီးချုပ်တယောက်အတွက် အကြီးမားဆုံး ရင်ဆိုင်ရတဲ့အခက်အခဲက လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်ခံရမှု အမုန်းစကားတွေပါလို့ ရိုက်တာသတင်းကို ပြောပါတယ်။ 

၂၀၁၉ မှာ ဝန်ကြီးချုပ်တာဝန်ယူစယူချိန်မှာ မစ္စမာရင်းရဲ့ အသက်က ၃၄ နှစ်သာ  ရှိသေးပြီး၊ ကမ္ဘာ့အသက်အငယ်ဆုံး အစိုးရခေါင်းဆောင်အဖြစ် နိုင်ငံတကာမီဒီယာတွေမှာ ရေပန်းစားခဲ့တာပါ။ လက်ရှိ ဆိုရှယ်မီဒီယာ Instagram ပေါ်မှာ သူ့ရဲ့ follower ၅၄၀,၀၀၀ ကျော်ရှိပါတယ်။ 

တချိန်တည်းမှာ မစ္စမာရင်းရဲ့ ဗဟို-လက်ဝဲ ညွန့်ပေါင်းအစိုးရရဲ့ မိတ်ဖက်ပါတီ ၅ ခုရဲ့ ခေါင်းဆောင်တွေအားလုံးက အမျိုးသမီးတွေပါ။ 

သူက “နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးနယ်ပယ်မှာ ကျား-မ လိင်ပေါင်းစုံ၊ မျိုးဆက်ပေါင်းစုံ၊ လူမျိုးစုပေါင်းစုံနဲ့ ပညာနောက်ခံပေါင်းစုံ ရှိဖို့ အရေးကြီးပါတယ်၊ ရာထူးအာဏာမှာ  အဲဒီလို အမျိုးမျိုးရှိမှ အတူတကွ ဆုံးဖြတ်ချက်တွေချပြီး ရလဒ်ကောင်းတွေ ရရှိတယ်” လို့ ပြောပါတယ်။

“အဆင့်မြင့်နိုင်ငံရေးနယ်ပယ်မှာ ငယ်ခြင်း ကြီးခြင်းက ပြဿနာမဟုတ်ဘူး၊ လူသားစိတ်ဓာတ် ရှေ့တန်းတင်ဖို့ လိုတယ်” ဆက်ပြောပါတယ်။

သူ့အတွက် အခက်အခဲက ကြီးမားတဲ့အလုပ်တာဝန်တွေ မဟုတ်ဘဲ ငယ်ရွယ်တဲ့ အမျိုးသမီး ဝန်ကြီးချုပ်ဖြစ်တာကြောင့် အင်တာနက် ဆိုရှယ်မီဒီယာတွေပေါ်မှာ လိင်ပိုင်းဆိုင်ရာ အမုန်းစကားတွေနဲ့ တိုက်ခိုက်ခံရတာ၊ အချို့အတိုက်အခံတွေက သူ့ရဲ့ ဆယ်လီပုံတွေကို ပစ်မှတ်ထား ဝေဖန်ကြတာလို့ ပြောပါတယ်။ 

အမုန်းစကားတွေကို လျစ်လျူရှုဖို့ အမြဲကြိုးစားပေမဲ့ အလုပ်ဆုံးဖြတ်ချက်တွေအတွက် အနှောင့်အယှက် ဖြစ်တာကြောင့် ရေရှည်မှာ အရေးယူဖို့  စဉ်းစားတယ်လို့လည်း ပြောပါတယ်။ 

မစ္စမာရင်းဟာ အလုပ်ပြင်ပအချိန်တွေမှာ လမ်းလျှောက်၊ အပြေးနဲ့ သန့်ရှင်းရေးတွေ လုပ်ပြီး Instagram မှာ ပုံတင်တာ ဝါသနာပါပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up