close

ချမ်းသာသည့်နိုင်ငံများ သူနာပြုစုဆောင်းခေါ်ယူမှု ကျင့်ဝတ်မညီဟု ICN အဖွဲ့ပြော

အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် ကိုဗစ်-၁၉ ကူးစက်မှု မြင့်မားလာတာနဲ့အမျှ ချမ်းသာတဲ့ နိုင်ငံကြီးတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေက သူနာပြုတွေကို ပိုမိုစုဆောင်းခေါ်ယူနေတာကြောင့် ဆင်းရဲတဲ့နိုင်ငံတွေရဲ့ ဆေးရုံတွေမှာ သူနာပြု ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံနေရတယ်လို့ နိုင်ငံတကာ သူနာပြုကောင်စီ (ICN) က ပြောပါတယ်။

နိုင်ငံတကာ သူနာပြုကောင်စီက နိုင်ငံပေါင်း ၁၃၀ က သူနာပြု ၂၇ သန်းကို ကိုယ်စားပြုထားတဲ့ အဖွဲ့ပါ။ 

ICN အဖွဲ့ရဲ့ စီအီးအို ဟိုးဝပ်ကာတန်က “PPE ဝတ်စုံတွေ၊ ကာကွယ်ဆေးတွေ အလုအယက် ဝယ်သလိုမျိုးပါပဲ။ ချမ်းသာတဲ့နိုင်ငံတွေက သူတို့ရဲ့ဓနအင်အားနဲ့ သူနာပြုတွေကို ရသမျှ ခေါ်ယူနေတယ်။ ကမ္ဘာအနှံ့က သူနာပြုတွေကို မက်လုံးမျိုးစုံပေးပြီး စုဆောင်းနေတယ်။ ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဆင်းရဲတဲ့ နိုင်ငံတွေကြား သူနာပြု အချိုးအစားမညီမျှမှု ပိုကြီးလာတယ်” လို့  ပြောပါတယ်။

ကိုဗစ်ကပ်ဘေး မဖြစ်ကတည်းက တကမ္ဘာလုံးမှာ သူနာပြု ၆ သန်း လိုအပ်နေပြီး ၉၀ ရာခိုင်နှုန်းက ဆင်းရဲတဲ့ နိုင်ငံတွေမှာ လိုအပ်နေတာလို့ ICN အဖွဲ့က ဖော်ပြပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေက သူနာပြုတွေဟာ မြင့်မားတဲ့လစာ၊ အိမ်ရာ၊ မိသားစုရှေ့ရေးလုံခြုံမှုတွေနဲ့ ဆွဲဆောင်ခံရတာပါ။ 

လက်ရှိ ဆဘ်ဆာဟာရ အာဖရိက၊ လက်တင်အမေရိကနဲ့ အရှေ့အလယ်ပိုင်းတို့က သူနာပြုအမြောက်အမြား ချမ်းသာတဲ့နိုင်ငံတွေဆီ ထွက်ခွာသွားကြတယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up