close

ပေကျင်းတွင် ပြည်တွင်း အိုမီခရွန်ဗီဇမျိုးကွဲသစ်ကူးစက်မှု ပထမဆုံးလူနာ တွေ့ရှိ

တရုတ်မြို့တော်ပေကျင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရဲ့ အင်မတန် ကူးစက်လွယ်တဲ့ အိုမီခရွန်ဗီဇမျိုးကွဲ ပြည်တွင်းနေ အချင်းချင်း ပထမဆုံးကူးစက်ခံလူနာကို တွေ့ထားပြီလို့ ဇန်နဝါရီ ၁၅ ရက်က တရုတ် အစိုးရမီဒီယာတွေမှာ သတင်းထုတ်ပါတယ်။

တရုတ်နှစ်သစ်ကူး အားလပ်ရက်နဲ့ ဖေဖော်ဝါရီ ၄ ရက်မှာ ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို မကျင်းပမီ ခုလို ကြေညာတာပါ။

ဓာတ်ခွဲခန်း စမ်းသပ်ချက်အရ အသစ်ကူးစက်ခံရတဲ့ လူနာမှာ အိုမီခရွန် ဗီဇမျိုးကွဲ ကူးစက်ခံထားရတာ ဖော်ထုတ်တွေ့ရှိထားတယ်လို့ ပေကျင်း ရောဂါထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ အရာရှိ ဖန်းရှင်းဟို့ကို ကိုးကားပြီး အစိုးရ ရုပ်သံက ထုတ်လွှင့်ပါတယ်။

ပေကျင်းမြို့တော်အပြင် တရုတ်နိုင်ငံအတွင်း ပြည်နယ်နဲ့ စည်ပင်ဒေသ လေးခုထက် မနည်းမှာ အိုမီခရွန်ဗီဇမျိုးကွဲ ပြည်တွင်းနေ အချင်းချင်း ကူးစက်ခံထားရတာလို့ တရုတ်အစိုးရက ဆိုပါတယ်။

တရုတ်မြောက်ပိုင်း တီယန်ကျင့်မြို့၊ အလယ်ပိုင်း ဟီနန်ပြည်နယ်၊ တောင်ပိုင်း ကွမ်တုံပြည်နယ်နဲ့ အရှေ့မြောက်ပိုင်း လျောင်နင်းပြည်နယ်တွေမှာ အိုမီခရွန်ကူးစက်ခံ လူနာတွေကို တွေ့ထားပါတယ်။

ဇန်နဝါရီ ၁၅ ရက်က ကိုဗစ်-၁၉ အသစ်ကူးစက်ခံ လူနာ ၁၁၉ ယောက်ရှိတယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ကူးစက်ခံအသစ်တွေထဲက ၆၅ ယောက်ဟာ ပြည်တွင်းနေသူ အချင်းချင်းကြားက ကူးစက်မှု ဖြစ်တယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က ကြေညာချက် ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၄ ရက်ကတော့ တရက်အတွင်း အသစ်ကူးစက်ခံ လူနာ ၁၆၅ ယောက်ရှိတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up