close

ဗိုလ်ရှုခံပွဲအတွက် ကျပ် သိန်း ၆၀၀ တန် ငါးဖမ်းလှေကို မြိတ်မြို့ရေလုပ်ငန်းရှင် ၁ ဦးက ပြုလုပ်ပေး

၂၀၂၂ ဖေဖော်ဝါရီ ၁၂ ရက်  ၇၅ နှစ်မြောက်ပြည်ထောင်စုနေ့ ဗိုလ်ရှုဘင်အခမ်းအနားမှာ အသုံးပြုဖို့ တနင်္သာရီတိုင်း ကိုယ်စားပြုအနေနဲ့ အလှပြယာဉ် ၃ စီးပြုလုပ်နေတဲ့အထဲမှာ တစ်စီးကိုတော့ တနင်္သာရီတိုင်းကိုယ်စားပြု ငါးဖမ်းလှေပုံစံ ပြုလုပ်ထားပါတယ်။

အဆိုပါ ငါးဖမ်းလှေကိုတော့ မြိတ်မြို့က ရေလုပ်ငန်းရှင်သူဌေးကြီးတစ်ဦးဖြစ်တဲ့ မြိတ်အများပိုင်ကော်ပိုရေးရှင်းကုမ္ပဏီမှ ဦးလှသန်းကတာဝန်ယူ ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ သင်္ဘောတည်ဆောက်ခကုန်ကျငွေ ကျပ် သိန်း ၆၀၀ ကျော်အသုံးပြုထားကာ အဲဒီလို တည်ဆောက်ရေးတွေအတွက် ပစ္စည်းတန်ဖိုးမပါ လက်ခတင် ကျပ်သိန်း ၃၅၀ ပေးရတယ်လို့ တည်ဆောက်ရေးမှာ ပါဝင်နေသူတစ်ဦးက ပြောပါတယ်။ 

ဒါ့အပြင် တနင်္သာရီတိုင်းကိုယ်စားပြု အလှပြယာဉ်မှာ ပါရှိတဲ့ ထားဝယ်အိမ် အလှပြယာဉ်အတွက် ထားဝယ်က ပန်းပုဆရာတွေကို ခေါ်ယူအသုံးပြုထားပြီး တနင်္သာရီတိုင်းကိုယ်စားပြု အလှပြယာဉ်တွေ တည်ဆောက်ဖို့အတွက် မြိတ်မြို့က တည်ဆောက်ရေး ကျွမ်းကျင်သူတစ်ဦးဖြစ်သူကိုပါ ဦးဆောင်ခေါ်ယူထားတယ်လို့ ဆိုပါတယ်။ 

အဆိုပါ ဗိုလ်ရှုခံသဘင်ပွဲ ပြီးဆုံးသွားရင်တော့ အဆိုပါ အလှပြငါးဖမ်းလှေကို သူဌေးကြီး ဦးလှသန်းရဲ့သား ပိုင်ဆိုင်တဲ့ မြိတ်မြို့ကမ်းနားလမ်းမှာရှိတဲ့ အရက် Bar ဆိုင် အရှေ့မှာ အလှပြထားမယ်လို့ သိရပါတယ်။ 

မြိတ်မြို့က ရေလုပ်ငန်းရှင်သူဌေးဦးဆောင်ပြီး တနင်္သာရီတိုင်းကိုယ်စားပြု ဗိုလ်ရှုခံ အလှပြယာဉ်တွေအတွက် ကုန်ကျခံနေမှုအပေါ် မြို့ခံတွေအနေနဲ့လည်း ဝေဖန်မှုတွေရှိနေတာပါ။ 

ပြီးခဲ့တဲ့ရက်ပိုင်းက အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ တနင်္သာရီတိုင်း ခရီးစဉ်မှာ အဆိုပါ မြိတ်အများပိုင်ကော်ပိုရေးရှင်းအတွက် ဒေါ်လာ သန်း ၃၀၀ ကျော်ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းကို စစ်ခေါင်းဆောင်ကိုယ်တိုင် အတည်ပြုပေးခဲ့သလို နိုင်ငံတော်ပိုင်ဖြစ်တဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မြေ ဧက ၇၀၀ ကျော်ကိုလည်း  အဆိုပါ ကုမ္ပဏီအတွက် လုပ်ကိုင်ခွင့် ပေးအပ်ခဲ့တာရှိတယ်လို့လဲ အဆိုပါကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အဆိုပါကိစ္စတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ကုမ္ပဏီဘက်ကိုတော့ ဆက်သွယ်မေးမြန်းအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၇၅ နှစ်မြောက် စိန်ရတုနေ့ အခမ်းအနားမှာ ဗိုလ်ရှုခံဖို့စီစဉ်နေပြီး ပြည်နယ်နဲ့တိုင်းအလိုက် သူ့ကို ချီတက်အလေးပြုမယ့် အလှပြယာဉ် ကား အစီး ၅၀ လောက် နေပြည်တော်မှာတည်ဆောက်နေကာ ကျပ်ငွေ သိန်းပေါင်း ၉ သောင်းကျော် အသုံးပြုသွားမယ်လို့  သိရပါတယ်။

ဒါ့ပြင် ဗိုလ်ရှုခံပွဲမှာ အာဏာသိုမ်းစစ်ခေါင်းဆောင်ကို အလေးပြုဖို့အတွက် NON-CDM ဝန်ထမ်းတွေကို လေ့ကျင့်ပေးနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up