Mae Ramphueng ကမ်းခြေကို ဘေးအန္တရာယ်နယ်မြေအဖြစ် ထိုင်းအစိုးရ အရေးပေါ်ကြေညာ

ထိုင်းပင်လယ်ကွေ့ ရေအောက်ပိုက်လိုင်းမှ ရေနံယိုစိမ့်မှုတွေ ဆက်ဖြစ်နေပြီး ကမ်းခြေတလျှောက် သဲတွေ မည်းနက်လာတာကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့မှာ Mae Ramphueng ကမ်းခြေကို ဘေးအန္တရာယ်နယ်မြေအဖြစ် အစိုးရက အရေးပေါ်ကြေညာလိုက်ပါတယ်။
Star Petroleum Refining Public Company Limited (SPRC) ကုမ္ပဏီပိုင်ဆိုင်တဲ့ ရေနံပိုက်လိုင်းဟာ ဇန်နဝါရီ ၂၅ ရက်နေ့ကတည်းက ယိုစိမ့်နေတာပါ။
တနေ့ကို လီတာ ၅ သောင်းခန့် (၁၃,၂၀၉ ဂါလန်) ယိုစိမ့်နေပြီး အရှေ့ဘက် စက်မှုဇုန်ကမ်းခြေ ကီလိုမီတာ ၂၀ ကို စီးဆင်းနေတာပါ။ ဇန်နဝါရီ ၂၈ ရက်နေ့က ရယောင်ပြည်နယ် Mae Ramphueng ကမ်းခြေ ၄၇ စတုရမ်းကီလိုမီတာပတ်လည်ထိ ပြန့်လာတာပါ။
ရေတပ်သင်္ဘော ၁၂ စီး၊ အရပ်ဘက်သင်္ဘောတွေ၊ လေယာဉ်တွေနဲ့အတူ SPRC ကုမ္ပဏီက ပင်လယ်ပြင်ထဲ ရေနံတွေ ဆက်မပြန့်ဖို့ ကြိုးစားထိန်းချုပ်နေပါတယ်။