close

ထိုင်းတွင် ဆယ်ဘီးကားနှင့် ပစ်ကပ်ကား တိုက်မိ၊ မြန်မာ ၄ ဦးသေပြီး ၇ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံမှာ ဆယ်ဘီးကားတစီးနဲ့ ပစ်ကပ်ကားတစီးတိုက်မိခဲ့တာကြောင့် မြန်မာ ၄ ယောက်သေ ဆုံးပြီး ၇ ယောက်က ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။

ဒီအဖြစ်အပျက်ဟာ ဇန်နဝါရီ ၂၀ ရက် ညပိုင်းက ဆွိုင်ယော့ခ်-ထောင်ဖာဖွန်လမ်းမကြီးပေါ်မှာ ဖြစ်ခဲ့ပြီး ရဲတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာချိန်မှာ ယာဉ်တိုက်မှုကြောင့် ပစ်ကပ်ကားတစီးလုံး လမ်းမပေါ်မှာ မိုးပေါ်ထောင်နေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆွိုင်ယော့ခ်ခရိုင် ရဲဌာန ဒုတိယ စုံစမ်းရေးမှူးချုပ် ခီထိဆက်ခ် ခပ်ချော့က ပြောပါတယ်။

ပစ်ကပ်ကားကတော့ ကန်ချနဘူရီလိုင်စင်ပလိတ်ပြားဖြစ်ပြီး အနီးနားလမ်းဘေးမှာတော့ ဆမွတ်ပရာကန် လိုင်စင်ပလိတ်ပြားနဲ့ နောက်ပိုင်းမှာ အပျက်အစီးတွေနဲ့ ဆယ်ဘီးကားတစီးကို တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

လမ်းမပေါ်မှာတော့ သေဆုံးသူ ၃ ယောက်ရဲ့ အလောင်းတွေနဲ့ ပြင်းပြင်းထန်ထန် ထိခိုက် ဒဏ်ရာရရှိထားသူ ၇ ယောက်တွေ့ရှိရပြီး အပျက်အစီးတွေကြား ပိတ်မိသေဆုံးနေတဲ့ နောက်တယောက်ကိုလည်း တွေ့ရှိခဲ့ရကာ အားလုံးမြန်မာတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ဆေးရုံကို ခေါ်ဆောင်သွားပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ပစ်ကပ်ကားကို မောင်းနှင်လာတဲ့ အသက် ၄၄ နှစ်အရွယ် ထိုင်းအမျိုးသား ချာနွန် ထောင်ဖာ ဝပ်ချရာကတော့ ထိုင်ခုံခါးပတ် ပတ်ထားခဲ့တာမို့ ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး လွတ်မြောက်သွားခဲ့ပါတယ်။

ရဲတွေက စစ်ဆေးမေးမြန်းရာမှာတော့ သူဟာ ထောင်ဖာဖွန်ကို ကားမောင်းလာချိန် လမ်းမှာ လူအုပ်စုတစုကို တွေ့ခဲ့ပြီး သူတို့က ကားကြုံစီးဖို့ စောင့်နေတာကြောင့် ခေါ်တင်လာခဲ့တာလို့ ပြောပါတယ်။

အဲဒီနောက် မောင်းနှင်လာရင်း တောင်ကုန်းတခုပေါ်အတက် ရှေ့က ဆယ်ဘီးကားနဲ့ တိုက်မိခဲ့ပြီး တပတ်လည် တိမ်းမှောက်သွားခဲ့တာလို့ ဆိုပါတယ်။ အဆိုပါ ဆယ်ဘီးကားမှာ နောက်မီးမရှိတာမို့ ခုလိုဖြစ်ရတာဖြစ်ပြီး တကယ်လို့သာ ကြိုမြင်လိုက်မယ်ဆိုရင် အချိန်မီရပ်လိုက်နိုင်မယ်လို့ သူက ပြောပါတယ်။

ရဲတွေကတော့ ယာဉ်မောင်းဖြစ်သူဟာ ကားကို အဆင်ခြင်မဲ့ အရှိန်ပြင်းပြင်းမောင်းနှင်ခဲ့ တာဖြစ်နိုင်တယ်လို့ သံသယရှိနေပြီး လွတ်မြောက်လာသူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်သွားဖို့ ရှိနေသလို တခြားတဖက်မှာလည်း သူဟာ ထိုင်းနိုင်ငံထဲကို တရားမဝင် လူမှောင်ခိုကူးမှုမှာ ပါဝင်နေတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up