close

စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မင်းတပ်က နေအိမ် ၂ လုံး မီးလောင်

မကွေးတိုင်းဒေသကြီး ကျောက်ထုမြို့ အမြောက်တပ်ကနေ ဇန်နဝါရီ ၂၉ ရက်နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် မင်းတပ်မြို့အနီး လီလောင်းကျေးရွာမှာ လက်နက်ကြီး နှစ်ခု ကျရောက်တာကြောင့် လူနေအိမ် ၂ လုံး မီးလောင်ပျက်စီးသွားတယ်လို့  မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ယှက်ကျေးရွာမှာလည်း လက်နက်ကြီးကျရောက်ခဲ့ပြီး မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ဗုံးဆန်တွေလည်း ရှိတယ်လို့ ဆိုပါတယ်။

မတူပီကနေ ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ၅၁ မိုင်ဝန်းကျင်ကိုရောက်ရှိနေပြီး ၅၆ မိုင် စခန်းဝန်းကျင်က လူနေအိမ်တွေကို မီးရှို့နေတယ်လို့ ယူဆရပြီး အဲဒီစခန်းအနီးမှာ မီးခိုးတွေ တက်လာနေတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ချင်းပြည်နယ် မင်းတပ် - မတူပီလမ်းပိုင်းမှာ အခုရက်ပိုင်းတွေအတွင်း  စစ်ကောင်စီတပ်နဲ့ CDF မတူပီတပ်ဖွဲ့တို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

ချင်းပြည်နယ် မင်းတပ်-မတူပီလမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ CDF မတူပီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကြရာမှာ CDF မတူပီတပ်ဖွဲ့ ၃ ဦး ကျဆုံးသွားတယ်လို့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ CDF(မတူပီ) က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၂၇ ရက်နဲ့ ဇန်နဝါရီ ၂၈ ရက်နေ့တွေက မင်းတပ်-မတူပီလမ်း မိုင် ၇၀ ဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ထန်တလန် CDF ၊ CAN တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး CDFထန်တလန်က  Salai Khua Tin Thang မိုင်းနင်းမိတာကြောင့် ကျဆုံးသွားခဲ့ပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က မတူပီ-မင်းတပ်လမ်းမအတိုင်း မတူပီတပ်စခန်းက ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်တိုင် ၈၀ အရောက်မှာ CDF မတူပီက ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့  သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up