close

မြန်မာစစ်အာဏာရှင်၏ အကြမ်းဖက်မှုများ တာဝန်ယူမှုရှိစေရန် လုပ်ဆောင်မည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

မြန်မာစစ်အာဏာရှင်ရဲ့  အကြမ်းဖက်မှုတွေအပေါ် တာဝန်ခံမှု တာဝန်ယူမှုရှိစေရေး ဆက်လက် လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြော ကြားလိုက်ပါတယ်။

မြန်မာစစ်အာဏာရှင်နဲ့ သူ့ကို ထောက်ခံသူတွေအပေါ် ပိုမိုဖိအားပေးဖို့ နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက  ဇန်နဝါရီ ၃၁ နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားတာ ဖြစ်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းချိန်ကစပြီး မြန်မာပြည်သူတွေဟာ စစ်တပ်အုပ်ချုပ်မှုကို မြဲမြန်စွာဆန့်ကျင်ခဲ့ကြပြီး တိုင်းပြည်ကို အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ပို့ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ ဝမ်းနည်းဖွယ်ကောင်းတာကတော့  စစ်အာဏာရှင်ဟာ တိုင်းပြည်ကို စိတ်တိုင်းကျ ခြယ်လှယ်အုပ်ချုပ်နိုင်စေဖို့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် လူပေါင်း ၁,၅၀၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

ဒါ့အပြင် အစိုးရအရာရှိတွေ အရပ်ဘက်နဲ့ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့  နိုင်ငံခြားသားတွေအပါအဝင် လူပေါင်း ၁၀,၀၀၀ ကျော်ကို လည်း ဖမ်းဆီး ထိန်းသိမ်းထားခဲ့တယ်လို့ဆိုပါတယ်။

အာဏာသိမ်းယူမှုနဲ့ ပြီးခဲ့တဲ့ ခရစ္စမတ်အကြိုနေ့က ကယားပြည်နယ်အတွင်း ကလေးငယ်တွေနဲ့ လူသားချင်းစာနာမှု အကူအညီပေးရေးဝန်ထမ်းတွေအပါအဝင် အနည်းဆုံး လူ ၃၅ ဦး အသတ်ခံရမှုအပါအဝင် စစ်အာဏာရှင်ရဲ့ အကြမ်းဖက်မှုတွေအပေါ် တာဝန်ခံမှု တာဝန်ယူမှုရှိစေရေး  ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။ 

လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ အကြမ်းဖက်မှုတွေရပ်တန့်ရဖို့၊ မတရားထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာထောက်ထား မှုအကူအညီတွေ အဆီးအတားမရှိ ပေးအပ်နိုင်ဖို့နဲ့  မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်လည်ပို့ဆောင်ရေးတို့အတွက် နိုင်ငံတကာမှ မိတ်ဖက်တွေနဲ့အတူ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်း ၁ နှစ်ပြည်ချိန်မှာ စစ်အုပ်စုနဲ့  ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၇ ယောက်နဲ့ အဖွဲ့အစည်း ၂ ခုကို အမေရိကန်အစိုးရက ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့စာရင်းမှာ ထပ်ထည့်ခံရသူ ၇ ယောက်ကတော့  စစ်ကောင်စီခန့် ရှေ့နေချုပ် ဒေါ်သီတာဦး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦး၊ စီးပွားရေးလုပ်ငန်းရှင် ဂျော်နသန်မျိုးကျော်သောင်း၊  စစ်တပ်ကို ပံ့ပိုးကူညီနေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သားဖြစ်သူ ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇတို့ ဖြစ်ကြပါတယ်။

ဒဏ်ခတ်အရေးယူပိတ်ဆို့ခံရတဲ့ အဖွဲ့အစည်း ၂ ခုကတော့  စစ်လက်နက်ဝယ်ယူရေးဌာနဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ရဲ့ စစ်လက်နက်ပစ္စည်းဝယ်ယူရေး ညွှန်ကြားရေးမှူးရုံးနဲ့ ဂျော်နသန်မျိုးကျော်သောင်းရဲ့  KT Services and Logistics (KTSL)  ကုမ္ပဏီတို့ ဖြစ်ပါတယ်။

Photo- US Embassy

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up