မြောက်ကာရိုလိုင်းနားတွင် ဓာတ်မြေဩဇာစက်ရုံ မီးလောင်သဖြင့် ဒေသခံများကို ဘေးကင်းရာ ရွှေ့ပြောင်း

အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ် ဝင်စတွန်ဆာလမ်ဒေသမှာ ပေါက်ကွဲစေတတ်တဲ့ အမိုးနီးယားနိုက်ထရိတ် တန်ချိန် ၆၀၀ လောက် သိုလှောင်ထားတဲ့ ဓာတ်မြေဩဇာစက်ရုံတရုံ မီးလောင်တာကြောင့် ဒေသခံ အယောက် ၆၅၀၀ လောက်ကို သူတို့အိမ်တွေကနေ ဘေးကင်းရာ ရွှေ့ပြောင်းခိုင်းခဲ့တယ်လို့ မြို့အရာရှိတွေက ဖေဖော်ဝါရီ ၁ ရက်မှာ ပြောပါတယ်။
ဝီဗ်ဓာတ်မြေဩဇာစက်ရုံမှာ ဇန်နဝါရီ ၃၁ ရက် ညနေကစပြီး မီးလောင်ခဲ့တာပါ။ စက်ရုံနဲ့ တမိုင်ပတ်လည်အကွာက ဒေသခံတွေကို ဘေးကင်းရာရွှေ့ဖို့နဲ့ သူတို့ အိမ်တွေကနေ ၄၈ နာရီ ကြာအောင် ဝေးဝေးနေဖို့ တိုက်တွန်းထားပါတယ်။
“မီးစလောင်ချိန်မှာ စက်ရုံထဲမှာ အမိုးနီးယံ နိုက်ထရိတ် တန်ချိန် ၅၀၀ နဲ့ ဓာတ်မြေဩဇာ တန်ချိန် ၅၀၀ ရှိနေတယ်။ နောက်ထပ် အမိုနီယံ နိုက်ထရိတ် တန်ချိ ၁၀၀ ကတော့ စက်ရုံနားက သံလမ်းပြေးကားတွဲ တစီးပေါ်မှာ ရှိနေတယ်” လို့ ဝင်စတွန် ဆာလမ် မီးသတ်ဌာန အကြီးအကဲက ဖေဖော်ဝါရီ ၂ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
တကယ်လို့ အပူချိန်ပြင်းပြင်းနဲ့ ထိတွေ့ရင် အမိုနီယံနိုက်ထရိတ်ဟာ ပေါက်ကွဲစေနိုင်ပြီး ထွက်လာတဲ့ အငွေ့တွေက ယားယံစေနိုင်တယ်လို့ မီးသတ်အရာရှိတွေက ပြောပါတယ်။
“ဘယ်လောက် အရေးကြီးတယ်ဆိုတာနဲ့ ဘယ်လောက် အသည်းအသန် အရေးတယူ ရှိသင့်တယ် ဆိုတာ လုံလောက်အောင် ကျနော်တို့ မပြောနိုင်ဘူး။ စက်ရုံပတ်လည် တမိုင်အတွင်းမှာ ရှိတဲ့သူတွေ ထွက်သွားဖို့လိုတယ်” လို့ အရာရှိက ပြောပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ ဒဏ်ရာရသူ အခြေအနေကိုတော့ မသိရသေးပါဘူး။