close

ပွင့်ဖြူမြို့နယ် မဲဇလီရဲစခန်းရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရ

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ ခရီးစဥ်ရှိပေမယ့် မနေ့က ညပိုင်းမှာ မဲဇလီရဲစခန်းရဲစခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ပွင့်ဖြူဒေသခံတွေဆီကနေ သိရပါတယ်။

“မဲဇလီရဲစခန်းကို မနေ့က ည ၇ နာရီလောက်မှာ ရှော့တိုက်ဒုံးတစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာဗျ။ စခန်းအတွင်းထဲမှာ ကျပြီးပေါက်ကွဲတာကြောင့် ထိခိုက်ပျက်စီးမှုတော့ ရှိနိုင်တယ်။ နောက်ပြီးတော့ သစ်ပုတီးကုန်းရွာက မိုင်တဲလ် တာဝါတိုင်မှာလည်း လက်လုပ်ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်” လို့ ဒေသခံတစ်ယောက်က ဒီဗွီဘီ ကို ပြောပါတယ်။

အဲဒီဖောက်ခွဲတိုက်ခိုက်တာတွေကို သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းမထုတ်ပြန်သေးသလို ဘယ်အဖွဲ့က ပြုလုပ်တယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပွင့်ဖြူမြို့နယ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်အောင်လှိုင်ရဲ့ ခရီးစဥ်ရှိတာကြောင့် နေရာအနှံ့ လုံခြုံရေးတွေ တင်းကျပ်ထားတယ်လို့ ဒေသခံက ပြောပါတယ်။

“ပွင့်ဖြူမြို့ ဘူတာရုံအဟောင်းကို သိန်း ၈၀ လောက်အကုန်ကျခံပြီး ဘန်ဂလိုလုပ်တယ်။ ကွန်ကရစ်လမ်းခင်းပြီးတော့ ဟတ်စကီးကွင်း ၂ ကွင်းဖောက်ထားတယ်။ လယ်ကိုင်းနဲ့ ပွင့်ဖြူကြားမှာ စစ်ကောင်စီဘက်က တစ်မိုင်ကို တစ်ဂိတ်နှုန်းနဲ့ ၇ ဂိတ်ရှိတယ်။ လယ်ကိုင်းနဲ့ စကုကြားမှာလည်း  ၁၀ ဂိတ်လောက် လုံခြုံရေးချထားတယ်။” 

အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ပွင့်ဖြူမြို့နယ်ထဲက သက်သာ၊ ပန်းတောင်းမှာ ဘုရားထီးတင်ပွဲကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ သွားရောက်ထီးတင်မယ်လို့ သိရပြီး အဲဒီရွာမှာလည်း စစ်ကောင်စီက တပ်စွဲထားတယ်လို့ ဆိုပါတယ်။

“ဘုရားကတော့ နဂိုရှိပြီးသား ဘုရားကို ယတြာအစီမံတွေနဲ့ ငုံတည်ထားတာဗျ။ ထီးတင်ပွဲမှာလည်း ယတြာအနေနဲ့ ထန်းသီးမုန့်ကျွေးမယ်လို့ သိရပြီး ဝင်ခွင့်လက်မှတ်ပါမှ ဝင်လို့ရမယ်လို့ သိရတယ်။” 

အဲဒီ ထီးတင်ပွဲကို ဖောက်ခွဲတာတွေပြုလုပ်ရင် အနီးနားက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပစ်မယ်ဆိုပြီး စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေက ခြိမ်းခြောက်ထားတယ်လို့ ဆိုပါတယ်။

ဂိတ်တွေ အဆင့်ဆင့် အစစ်ဆေးတွေ ပြုလုပ်နေတာကြောင့် ဒေသခံတောင်သူတွေ လုပ်ငန်းခွင် သွားရောက်ဖို့ အခက်ခဲဖြစ်နေကြပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ မကွေးတိုင်းအတွင်းမှာ အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေတာကြောင့် ဒီကနေ့ မွန်းလွဲ ၁ နာရီမှာ မကွေးမြို့တော်ခန်းမမှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ တွေ့ဆုံမယ် သတင်းရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ယောဒေသအတွင်းက ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နဲ့ ပခုက္ကူခရိုင်ထဲက မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တွေမှာ PDF တပ်ဖွဲ့တွေက နယ်မြေစိုးမိုးထားပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up